မုံရွာတွင် စစ်ကောင်စီက ဖမ်းဆီးထားသူ ၆ ဦးကို ထောင်ချကာ မန္တလေးထောင်ပို့

မုံရွာတွင် စစ်ကောင်စီက ဖမ်းဆီးထားသူ ၆ ဦးကို ထောင်ချကာ မန္တလေးထောင်ပို့

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်တွင် စစ်ကောင်စီက ဖမ်းဆီးထားသူ (၆)ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် ထောင်ဒဏ်များချမှတ်ကာ မန္တလေးအကျဉ်းထောင်သို့ ပို့လိုက်သည်ဟု စစ်ကောင်စီဘက်က ထုတ်ပြန်သည်။

မုံရွာမြို့နယ် နတ်လူထိပ္ပန်ရပ်ကွက်မှ ကိုဖိုးချမ်းအေး(ခ)ပွကြီးနှင့် ကိုမျိုးမင်းဦး၊ အေးသာယာရပ်ကွက်မှ မဝတီအောင်(ခ)ပီကင်း၊ထနောင်းတောကျေးရွာမှ ကိုအောင်မျိုး၊ ကိုမြင့်ဇော်ဦးနှင့် ကိုမျိုးနိုင်ဝင်း(ခ)ညှပ်စိ တို့ကို ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၁၃)ရက်နေ့တွင် ထောင်ဒဏ်များ ချမှတ်ကာ မန္တလေးအကျဉ်းထောင်သို့ ပို့လိုက်ခြင်းဖြစ်သည်ဟု စစ်ကောင်စီဘက်က ထုတ်ပြန်သည်။

စစ်ကောင်စီ၏ တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မများဖြစ်သည့် ပုဒ်မ ၅၂(က)၊ ပုဒ်မ ၅၀ (က)နှင့် ပုဒ်မ (၅၄)တို့ဖြင့် 

ကိုဖိုးချမ်းအေး(ခ)ပွကြီးနှင့် ကိုမျိုးမင်းဦးတို့ကို ထောင်ဒဏ်(၆)နှစ်စီဖြင့်လည်းကောင်း ကိုအောင်မျိုး၊ ကိုမြင့်ဇော်ဦးနှင့် ကိုမျိုးနိုင်ဝင်း(ခ)ညှပ်စိတို့ကို အလုပ်နှင့် ထောင်ဒဏ်(၂၀)နှစ်စီနှင့် မဝတီအောင်(ခ)ပီကင်းကို ပုဒ်မ ၅၂(က)ဖြင့် အလုပ်နှင့် ထောင်ဒဏ် (၅)နှစ် ချကာ မန္တလေးအကျဉ်းထောင်သို့ ပို့ဆောင်လိုက်သည်ဟု သိရသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် အကြမ်းဖက်သင်တန်းတက်ရောက်ခဲ့ခြင်း၊ ဒလန်စွပ်စွဲသတ်ဖြတ်ခြင်း၊ အကြမ်းဖက်အဖွဲနှင့် ဆက်သွယ်ခြင်း၊ အကြမ်းဖက်အဖွဲနှင့်အတူ နေထိုင်ခြင်းနှင့် လုံခြုံရေးအဖွဲထံ သတင်းပို့ရန် ပျက်ကွက်မှုတို့ဖြင့် ထောင်ဒဏ်များ ချမှတ်ခြင်းဖြစ်သည်ဟု ဆိုသည်။

 

စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့မှ ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၁၃)ရက်နေ့အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း(၂၈၂၀၂)ဦးရှိပြီး ထိုအထဲမှ (၂၁,၄၉၃)ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူ များအနက်မှ (၉၉၆၃)ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း (AAPP)က ဖော်ပြထားသည်။

#TachileikNewsAgency

#TNA_MAT