PNLA တည်ထောင်ခြင်း ၁၇ နှစ်ပြည့်တွင် အာဏာရှင်စနစ်မှန်သမျှ အမြစ်ပြတ်တိုက်ဖျက်ရေး ဆက်လက်ပါဝင် လက်တွဲသွားမည်ဟု ထုတ်ပြန် 

PNLA တည်ထောင်ခြင်း ၁၇ နှစ်ပြည့်တွင် အာဏာရှင်စနစ်မှန်သမျှ အမြစ်ပြတ်တိုက်ဖျက်ရေး ဆက်လက်ပါဝင် လက်တွဲသွားမည်ဟု ထုတ်ပြန် 
ဇွန် 15, 2024 | 2021 Military Coup

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA )တပ်ဖွဲ့ တည်ထောင်ခြင်း (၁၇)နှစ်ပြည့် အခမ်းအနားကို တပ်ဖွဲ့အသီးသီးမှ မြေပြင်အသီးသီး၌ အကျဉ်းချုပ် ကျင်းပသည်ဟု ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ(၁၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) တပ်ဖွဲ့တည်ထောင်ခြင်း (၁၇)နှစ်ပြည့်အခမ်းအနားကို ဇွန်လ (၁၀)ရက်နေ့က ကျင်းပခဲ့ခြင်းဖြစ်ပြီး  အခမ်းအနားတွင် ပအိုဝ်းအမျိုးသားအလံတော်၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲချုပ်အလံတော်၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး  တပ်မတော်အလံတော်များအား အလေးပြုခြင်းနှင့် တပ်ဖွဲ့တာဝန်ရှိသူများက ခွန်အားပေးစကားပြောကြားခြင်း စသည့် အစီအစဉ်များဖြင့် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

ထို့အပြင် တော်လှန်ရေးကာလအတွင်း ကျဆုံးလေပြီးသည့် သူရဲကောင်းအာဇာနည်များကိုလည်း ဂုဏ်ပြုချီးမွမ်း အလေးပြုခဲ့ကြသည်ဟု သိရသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)သည် ရန်သူ့ထံ လက်နက်ချအညံ့ခံခြင်း၊ ရန်သူနှင့်ပူးပေါင်းခြင်း၊ ရန်သူ့လက်အောက်သို ခိုဝင်သွားခြင်း စသည့် အမျိုးသားသစ္စာဖောက်လုပ်ရပ်ကို မည်သည့်အခြေအနေတွင်မှာမှ ပြုလုပ်ခဲ့ခြင်းမရှိဘဲ ဘဝတူညီနောင်များနှင့်အတူ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ အမြစ်ပြတ်တိုက်ဖျက်ရေးတွင် ဆက်လက်ပါဝင်လက်တွဲသွားမည်ဟု ထုတ်ပြန်ထားသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)ကို ၂၀၀၇ ခုနှစ် ဇွန်လ (၁၀)ရက်နေ့တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: PNLA News & Info