ထီဗွာရွာသား ၅၉ ဦးကို စစ်ကောင်စီနှင့် PNO တို့က ဖမ်းဆီးထား

ထီဗွာရွာသား ၅၉ ဦးကို စစ်ကောင်စီနှင့် PNO တို့က ဖမ်းဆီးထား

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ထီဗွာ(ရေဖြူ)ကျေးရွာမှ ဒေသခံ(၅၉)ဦးကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်များက ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း သိရသည်။

တောတောင်ထဲတွင် စစ်ဘေးတိမ်ရှောင်နေသည့် ဒေသခံများကို ပြန်မလာပါက နေအိမ်များမီးရှို့မည်ဟု ခြိမ်းခြောက်သဖြင့် ပြန်လာရသည့် ပြည်သူများကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ကျေးရွာခန်းမအတွင်း ဖမ်းဆီးထားခြင်းဖြစ်သည်ဟု PNLA က ယနေ့ ဇွန်လ (၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ယင်းပြည်သူများကို စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဇွန်လ (၁၀)ရက်နေ့တွင် ဖမ်းဆီးခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ ပြန်လည်လွတ်ပေးခြင်းမရှိသေးဟု သိရသည်။

ဖမ်းဆီးခံရသည့်သူများအနက် ထက်ဝက်ကျော်မှာ အမျိုးသမီးများဖြစ်ကြပြီး အသက်(၄၀)နှင့်အထက် ပြည်သူအများစုပါဝင်သည်ဟု သိရသည်။

စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် ဆီဆိုင်မြို့နယ်အတွင်း ပြည်သူများအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းနှင့် ပြန်ပေးဆွဲငွေညစ်ခြင်းများ မကြာခဏကျူးလွန်နေသည်ဟုလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency