ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများအား သယ်ယူသည့်ကားကို SSPP က ပစ်ခတ်ဟု TNLA ထုတ်ပြန်

ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများအား သယ်ယူသည့်ကားကို SSPP က ပစ်ခတ်ဟု TNLA ထုတ်ပြန်
ဇူလိုင် 6, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်တွင် TNLA က ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများအား သယ်ယူပို့ဆောင်နေစဥ် SSPP က ပစ်ခတ်သဖြင့် TNLA မြို့နယ်မှူးသေဆုံးပြီး (၃)ဦးဒဏ်ရာရသည်ဟု TNLAက သတင်းထုတ်ပြန်သည်။

သီပေါမြို့နယ် ကြံခင်း(ရေပူ)ရွာအနီးတွင် TNLA၏ စစ်သုံ့ပန်း သယ်ဆောင်လာသည့်ကားကို ဘုန်းကြီးကျောင်းဝင်းတွင် အသင့်စောင့်ဆိုင်းနေသည့် SSPPက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

SSPP ပစ်ခတ်မှုကြောင့် သီပေါမြို့နယ်မှူး ဗိုလ်ကြီး နေအုပ်သည် ကားပေါ်တွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး မိုင်းအလင်းနှင့် မိုင်းအညီ တို့ (၂)ဦးမှာ လက်တွင်ဒဏ်ရာရရှိခဲ့ကာ မိုင်းထွန်းအေးမှာ ပေါင်တွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယခင် သီပေါမြို့နှင့် ကျောက်မဲမြို့အား  ဖြတ်သန်းသွားလာရာတွင် SSPP တပ်မှ TNLA အား ပစ်ခတ်ခြင်းမရှိခဲ့ဘဲ ယခု စစ်သုံ့ပန်းများအား ခေါ်ဆောင်လာသည့် သီပေါမြို့နယ်မှူးအဖွဲ့အား ပစ်ခတ်မှုကြောင့် TNLA တပ်ဖွဲ့များ ရောက်ရှိကာဖြေရှင်းရန်ကြိုးပမ်းစဉ် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ကျောက်မဲမြို့နယ် လုပ်ပါကျေးရွာနှင့် နောင်ပိန်ကြီးကျေးရွာတို့တွင်လည်း SSPP မှ TNLA တပ်ဖွဲ့အား စတင်ပစ်ခတ်တိုက်ခိုက်မှု‌ကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

နှစ်ဖက်အောက်ခြေ နားလည်မှုလွှဲမှားပြီး အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားသည်ကို သက်ဆိုင်ရာ ခေါင်းဆောင်များဆွေးနွေးညှိနှိုင်းပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ ရပ်တန့်အဆုံးသတ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

SSPP ဘက်ကမူ ကျောက်မဲနှင့် သီပေါမြို့နယ်တို့ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တပ်ကို တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)က ဝင်ရောက်တိုက်ခိုက်သည်ဟု ထုတ်ပြန်သည်။

ဇူလိုင်လ (၅)ရက်နေ့ နံနက်(၁၁)နာရီခွဲဝန်းကျင်ကစတင်၍ ကျောက်မဲမြိုနယ်၊ ခေးနင်းကျေးရွာအုပ်စု လုပ်ပါကျေးရွာအနီးရှိ SSPP တပ်စခန်းကို TNLAက စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ လုပ်ပါကျေးရွာ၌ နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးသည့်နောက် ကျောက်မဲမြိုနယ်၊ နောင်ပိန်ကျေးရွာအုပ်စု၊ နောင်ပိန်ကြီးကျေးရွာ အနီးတွင်လည်း TNLA တပ်သားများက SSPPတပ်ကို ဝင်ရောက်တိုက်ခိုက်သည်ဟု ဆိုသည်။

ထို့အပြင် သီပေါမြို့နယ်၊ ကြံခင်းကျေးရွာအုပ်စု၊ ကြံခင်းကျေးရွာအတွင်း၌လည်း TNLA တပ်က SSPP တပ်ကို တိုက်ခိုက်ခဲ့သည်ဟု SSPP က ထုတ်ပြန်ထားသည်။

တိုက်ပွဲမဖြစ်ခင်ကပင် သီပေါ - ကျောက်မဲ - နောင်ချို ကားလမ်း အရှေ့ဘက်ခြမ်းတစ်လျှောက်၌ SSPP တပ်များ လုံခြုံရေးတပ်ချဖြန့်ကျက်နေရာယူထားသည့်အကြောင်း TNLA ကို အသိပေးအကြောင်းကြားမှုရှိခဲ့သည်ဟုလည်း ဆိုသည်။

#TachileikNewsAgency