တောင်အာဖရိကတရားရုံးချုပ်က မြန်မာနိုင်ငံသို့ လက်နက်တင်ပို့ခွင့်များအား ပယ်ဖျက်ကြောင်း အမိန့်ထုတ်ပြန်

တောင်အာဖရိကတရားရုံးချုပ်က မြန်မာနိုင်ငံသို့ လက်နက်တင်ပို့ခွင့်များအား ပယ်ဖျက်ကြောင်း အမိန့်ထုတ်ပြန်
ဇူလိုင် 21, 2024 | 2021 Military Coup

လက်နက်တင်ပို့မှုဆိုင်ရာ အထင်ကရအမိန့်အဖြစ် တောင်အာဖရိကတရားရုံးချုပ်က မြန်မာနိုင်ငံသို့ လက်နက်တင်ပို့ခွင့်များအား ပယ်ဖျက်ကြောင်း အမိန့်ထုတ်ပြန်ခဲ့ပြီး တရားရုံးချုပ်၏ အမိန့်သည် တောင်အာဖရိကနိုင်ငံမှ မြန်မာနိုင်ငံသို့ နောင်လက်နက်ရောင်းချမှုမှန်သမျှအတွက် သာမက အခြားနိုင်ငံအများအပြားကိုပါ လက်ငင်းအကျိုးဆက်များရှိလာမည်ဖြစ်ကြောင်း Justic For Myanmar အဖွဲ့ထံမှ သိရသည်။

 

တောင်ပိုင်းအာဖရိကတရားရေးစင်တာ(SALC) သည် သမားရိုးကျလက်နက်ထိန်းချုပ်ရေး အမျိုးသားအဆင့်ကော်မတီ (NCACC) က ခွင့်ပြုပေးထားသည့် မြန်မာနိုင်ငံသို့ စစ်လက်နက်လွှဲပြောင်းရောင်းချမှုများ လုပ်ဆောင်နိုင်သော ခွင့်ပြုမိန့်များအား ပယ်ဖျက်လိုက်သည့် ပရီတိုးရီးယားမြို့ရှိ ဂါးဒင်(Gauteng) ခရိုင်တရားရုံးချုပ်၏ အမိန့်တစ်ရပ်ကို ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့တွင် လက်ခံရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ လျှောက်ထားမှုကို လူ့အခွင့်အရေးဆိုင်ရာရှေ့နေများ(LHR)အဖွဲ့က SALC ကို ကိုယ်စားပြုကာ လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရားရုံးချုပ်၏ အမိန့်တွင် NCACC အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီညွတ်သော အစိုးရအပြောင်းအလဲကို လုပ်ဆောင်ထားသည့်၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှု ပြုလုပ်ထားသည်ဟု သံသယဖြစ်ခံထားရသည့် နိုင်ငံတစ်ခုသို့ စစ်လက်နက်စာချုပ် သို့မဟုတ် လက်နက်တင်ပို့ခွင့်မှန်သမျှကို ဆိုင်းငံ့ထားရန် တာဝန်တစ်ရပ်ရှိကြောင်း ထပ်လောင်းကြေညာကြောင်း ဖော်ပြထားသည်။

လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် စစ်အာဏာသိမ်းထားသည့် နိုင်ငံတစ်ခုဆီသို့ စစ်လက်နက်တင်ပို့ရောင်းချခြင်းသည် တရားမဝင်သည့် လုပ်ငန်းများဖြစ်ပြီး တောင်အာဖရိကနိုင်ငံတွင် တာဝန်ယူမှု၊ တာဝန်ခံမှု ကောင်းမွန်သည့် စစ်လက်နက်ကုန်သွယ်ရေးတစ်ရပ် ဖန်တီးဖော်ဆောင်ရာတွင် ယခုအမိန့်သည်အရေးပါကြောင်း SALC၏ နိုင်ငံတကာတရားမျှတရေးဌာန ခေါင်းဆောင်ဖြစ်သူ Dr Atilla Kisla က ဆိုသည်။

လူ့အခွင့်အရေးနှင့် နိုင်ငံတကာဥပဒေများသည် စစ်လက်နက်တင်ပို့မှုများအတွက် အထိန်းအကွပ်ဘောင်များဖြစ်ကြောင်း ယခုအမိန့်က ပြသနေပြီး ၊ ပြစ်တင်ရှုတ်ချခြင်း ၊ စိုးရမ်ပူပန်ခြင်း စသည့် စကားလုံးများသည် လုံလောက်ခြင်းမရှိကြောင်း မြန်မာနိုင်ငံဥပမာက ပြသနေကာ လူအခွင့်အရေးအတွက် တိုက်ပွဲဝင်ရာတွင် ဥပဒေအား ကျင့်သုံးရန်နှင့် လိုအပ်ပါက ခွင့်ပြုမိန့်များကို ရပ်ဆိုင်းခြင်း ၊ ပယ်ဖျက်ခြင်း စသည့်အရေးယူမှုများ ဆောင်ရွက်ရန်လိုအပ်ကြောင်း ၎င်းမှဆိုသည်။

ယခုအမှုသည် ဥပဒေဆိုင်ရာ လိုက်နာရမည့် တာဝန်များဖြစ်ရုံသာမက ကျင့်ဝတ်ဆိုင်ရာ တာဝန်ရှိမှုအကြောင်းလည်း ဖြစ်ပြီး အဆိုပါ အမိန့်သည် တောင်အာဖရိက၏ မူဝါဒများသည် LHR ၏ တန်ဖိုးနှင့်အခြေခံမူများကို ထင်ဟပ်ကြောင်း သေချာစေမည့်အလားအလာရှိနေကြောင်း LHR မှ တရားလွှတ်တော်ရှေ့နေဖြစ်သူ Charné Tracey က ဆိုသည်။

အဆိုပါ လက်နက်လွှဲပြောင်းရောင်းချမှုများသည် ပြင်တွင်းဥပဒေ ၊ နိုင်ငံတကာဥပဒေများဖြင့် မကိုက်ညီကြောင်း ရှင်းလင်းပြောကြားခြင်းအားဖြင့် ယခုအမိန့်သည် မြန်မာပြည်သူများအား ကာကွယ်ပေးမည် ဖြစ်သည့်အတွက် တရားရုံးချုပ်၏ ယခုကိစ္စအပေါ် ချမှတ်သည့် စီရင်ချက်အား ကြိုဆိုကြောင်း Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုသည်။

အဆိုပါ ခွင့်ပြုချက်မျိုးသည် အစကတည်းက အတည်မပြုပေးခဲ့သင့်သည့် ခွင့်ပြုချက်များဖြစ်ပြီး  တောင်အာဖရိက လက်နက်လွှဲပြောင်းရေးဆိုင်ရာ အာဏာပိုင်များအနေဖြင့် တရားရုံး၏ ဆုံးဖြတ်ချက်ကို အပြည့်အ၀ အသက်ဝင်အောင် ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။

၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း တောင်အာဖရိကနိုင်ငံမှ မြန်မာနိုင်ငံသို့ စုစုပေါင်း ရွန်ငွေ ၂၁၅,၇၃၅,၆၇၇ (အမေရိကန်ဒေါ်လာ ၁၁,၈၆၆,၂၁၆) တန်ဖိုးရှိသည့် စစ်လက်နက်များ တင်ပို့ခဲ့ကာ SALC သည် ၎င်း၏ တိုင်ကြားချက်ကို တရားရုံးချုပ်သို့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency