ငပလီမြို့ရှိ ‌‌‌‌ဂေါ့ကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်များ တပ်ဆုတ်ကာ လေဆိပ်အနီးမှ ခုခံပစ်ခတ်နေ

ငပလီမြို့ရှိ ‌‌‌‌ဂေါ့ကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်များ တပ်ဆုတ်ကာ လေဆိပ်အနီးမှ ခုခံပစ်ခတ်နေ

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီမြို့ရှိ ဂေါ့ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် AAတို့ နှစ်ဖက်တပ်အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များ တပ်ဆုတ်သွားကာ ‌လေဆိပ်အနီးမှ ခုခံပစ်ခတ်နေသည်ဟု ဒေသခံများထံမှ သိရသည်။

ဂေါ့ကျေးရွာအနီးတွင် ယမန်နေ့ ၂၀၂၄ ခုနှစ် ဇွန်လ(၂)ရက်နေ့ ညပိုင်းက စတင်ကာ တိုက်ပွဲများပြင်းထန်ခဲ့ပြီး ယနေ့အထိ တိုက်ပွဲများဆက်ဖြစ်ကာ စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲခြင်း၊ လက်နက်ကြီးနှင့်ပစ်ခတ်ခြင်းများ တနေကုန်လုပ်ဆောင်သည်ဟု ဆိုသည်။

"စစ်ကောင်စီတပ်က လေဆိပ်ဘက်တပ်ဆုတ်ပြီး အဲဒီကနေပစ်ခတ်နေတာ။ လက်နက်ကြီးဆိုလည်း (၄)လုံးတွဲပစ်တယ်။ နောက် ဟောင်ဝှစ်ဇာနဲ့ (၂)လုံးထပ်ပစ်တယ်။ အဲဒီလို တနေကုန်ပစ်နေတာ။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

တိုက်ပွဲအတွင်းသို့ စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်လေယာဉ်ဖြင့် ဗုံး(၄)လုံး တစ်ကြိမ်၊ (၆)လုံး တစ်ကြိမ်နှင့် (၂)လုံး တစ်ကြိမ် ကြဲချသွားသည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း ဒေသခံ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရထားပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများလည်း ကျည်မှန်ခဲ့ကာ ပိတ်မိနေသည့် ဒေသခံများကို ကူညီရေးသမားများက ကယ်ထုတ်ပေးနေရသည်ဟု သိရသည်။

"မနေ့က ညနေ(၄)နာရီလောက်ကစတဲ့ ပစ်ခတ်မှုတွေဟာ ည(၁၁)နာရီလောက်မှာ ရပ်တယ်။ စစ်တပ်က လက်နက်ကြီး စမ်းသပ်ပစ်ခတ်တာထင်ပြီး‌တော့ ဒေသခံတွေက မပြောင်းရွှေ့ကြဘူး။ နောက်တော့ ဂေါ့ရွာအစွန်းမှာ တိုက်ပွဲစဖြစ်တာသိရ‌တော့မှ ည(၇)နာရီလောက်မှာ စပါးကြီးရွာကို ပြောင်းကြတယ်။ နေအိမ်တွေပေါ်ကိုလည်း ကျည်ကျတယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲများကြောင့် ဖုန်းလိုင်းများလည်းပြတ်‌တောက်နေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အများအပြားသေသည်ဟု ဒေသခံ များကပြောဆိုသော်လည်း Tachileik News Agency အနေဖြင့် သီးခြားအတည်မပြုနိုင်ပါ။

"လေယာဉ်ဗုံးကြဲတာက နောက်ဆုံးဖြစ်တဲ့ ရွာအစကိုလည်းကြဲတယ်။ ပထမဖြစ်တာက ရွာအစွန်ပေါ့။ (၂)နေရာပေါ့။ ပထမဖြစ်တဲ့နေရာကိုရော ဒုတိယဖြစ်တဲ့နေရာကိုရောပေါ့။ ဒုတိယနေရာက သူတို့ဆုတ်လာတာဖြစ်မယ် စစ်တပ်က။ အဲဒါကို ညှပ်ပစ်တာဖြစ်မယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် သံတွဲလေဆိပ်ကိုလည်း ပိတ်ထားရပြီး ခရီးစဉ်အားလုံး ဖျက်သိမ်းလိုက်ရကာ လေဆိပ်မှလာနိုင်သည့် ငပလီလမ်းကိုလည်း စစ်ကောင်စီတပ်က ပိတ်ထားသည်ဟု သိရသည်။

ငပလီအနီးတွင် ခလရ(၅၅)တပ်နှင့် ခမရ(၅၆၆)တပ်တို့ရှိပြီး စစ်ကောင်စီတပ်က အင်အားဖြည့်တင်းထားကြောင်း သိရသည်။

#TachileikNewsAgency