စစ်တွေမြို့ ကြွီတဲမြစ်ကမ်းနားတလျှောက်ရှိ ကျေးရွာများကို စစ်ကောင်စီဖြိုချမည်

စစ်တွေမြို့ ကြွီတဲမြစ်ကမ်းနားတလျှောက်ရှိ ကျေးရွာများကို စစ်ကောင်စီဖြိုချမည်

ရခိုင်ပြည်နယ် စစ်တွေမြို့ ကြွီတဲမြစ်ကမ်းနားတလျှောက်ရှိ  ကျေးရွာများကို စစ်ကောင်စီတပ်က (၅)ရက်အတွင်း ဖြိုချမည်ဟု All Arakan Student's & Youth's Congress-AASYC နှင့်‌ ဒေသခံများထံမှ  သိရသည်။ 

စစ်ကောင်စီက ဖျက်မည့်ကျေးရွာများမှာ ပလ္လင်ပြင်ကျေးရွာ၊ အောင်ဒိုင်ကျေးရွာ၊ ကျက်တောပြင်ကျေးရွာ၊ ကြွီတဲပိုက်ဆိပ်ကြီးကျေးရွာ၊ ကြွီတဲပိုက်ဆိပ်ချေကျေးရွာ၊ ကြွီတဲကျေးရွာ၊ အုန်းရေဖော်ကျေးရွာနှင့် ရေချမ်းပြင်ကျေး  ရွာများဖြစ်သည်ဟု ဒေသခံများကဆိုသည်။

စစ်ကောင်စီသည် အဆိုပါရွာများကို ဇွန်လ(၁၀)ရက်‌နေ့မှ ဇွန်လ(၁၄)ရက်နေ့အတွင်း ဖြိုဖျက်ပေးရမည်ဟုဆိုကာ ဒေသခံများကို ခြိမ်းခြောက်ပြောဆိုနေသည်ဟု သိရသည်။

"ပလ္လင်ပြင်၊ အောင်ဒိုင်၊ ကြွီတဲကျေးရွာတွေကို ဒီနေ့မှာပြောင်းပေးဖို့ ရခိုင်ပြည်နယ် စစ်ကောင်စီ ဝန်ကြီးချုပ် ထိန်လင်းကပြောတယ်ပေါ့နော်။ ဒါပေမယ့် ဗျိုင်းဖြူရွာဖြစ်စဉ်လို မဖြစ်ဖို့ဆိုပြီး အချိန် (၅)ရက်ပေးတာလို့ပြောတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

(၅)ရက်ပြည့်ပါက စစ်ကောင်စီ၏ စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်သယ်ကားများဖြင့် ရွှေ့ပြောင်းသယ်ယူပေးမည်ဟု စည်ပင်ဝန်ထမ်းများမှ ပြောသည်ဟုလည်း AASYC က ဖော်ပြထားသည်။

"ကျေးရွာသားတချို့ကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြောင်းနေကြပြီပေါ့။ ပြီးရင် ပျားလယ်ချောင်းကျေးရွာ၊ သင်းပုန်းတန်းကျေးရွာ၊ မောင်နီပြင်ကျေးရွာများကိုလည်း ဆက်ဖြိုဖျက်သွားမယ်လို့ သိထားရတယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။

ကြွီတဲမြစ်ကမ်းတလျှောက်၌ မူဆလင်ကျေးရွာများရှိသော်လည်း ဖြိုဖျက်မည့် စာရင်းတွင် မူဆလင်ကျေးရွာများ မပါဝင်ဟု သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း စစ်ကောင်စီသည် ဗျိုင်းဖြူရွာသား ၇၆ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သေးသည်။

#TachileikNewsAgency