စစ်ကိုင်းတပ်မဟာတွင် ပါဝင်ကြရန် မန္တလေး PDF ဖိတ်ခေါ်

စစ်ကိုင်းတပ်မဟာတွင် ပါဝင်ကြရန် မန္တလေး PDF ဖိတ်ခေါ်

အသစ်ဖွဲ့စည်းမည့် စစ်ကိုင်းတပ်မဟာတွင် ပါဝင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး က ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၁၃)ရက်နေ့တွင် ဖိတ်ခေါ်ထားသည်။ 

မြေပြန့်ဒေသ လွတ်မြောက်ရေးမှသည် တစ်နိုင်ငံလုံး လွတ်မြောက်ရေးဆီသို့ဟုဆိုကာ နွေဦးတော်လှန်ရေးအတွင်းမှ လက်နက်ကိုင်တော်လှန်ရေး အခန်းကဏ္ဍတွင် မြေပြန့်ဒေသများကို ပြည်သူ့လွတ်မြောက်နယ်မြေများအဖြစ် ပြောင်းလဲစေနိုင်ရေးသည် ၂၀၂၅ ခုနှစ်အတွက် အသက်တမျှ အရေးကြီးလှသည်ဟု ဖော်ပြထားသည်။ 

“စစ်အာဏာရှင်နှင့်တကွ အာဏာရှင်အဆက်ဆက် ခြေကုတ်ယူရာ မြေပြန့်ဒေသများကို ပြည်သူ့လွတ်မြောက်နယ်မြေများအဖြစ် ဖော်ဆောင်နိုင်လေလေ စစ်အာဏာရှင် ကြုံလှီလေလေ ဖြစ်ပါလိမ့်မယ်။ ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နှင့်အတူ တဦးချင်းဖြစ်စေ၊ အစုအဖွဲ့လိုက်ဖြစ်စေ ဆက်သွယ် ချိတ်ဆက်ပြီး စစ်ကိုင်းတပ်မဟာမှာ ပါဝင်ကာ တနိုင်ငံလုံးလွတ်မြောက်ရေးအတွက် အတူတကွ ရုန်းကန်လှုပ်ရှားကြပါစို့”ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး က ဖိတ်ခေါ်ထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး သည် ယခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၌ တပ်မဟာအသစ် တစ်ခု ဖွဲ့စည်း၍ စစ်ဆင်ရေးအရှိန်အဟုန်ကို တိုးမြှင့်ဖော်ဆောင်သွားမည်ဟု ကြေညာထားသည်။ 

ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး ၏ စစ်ကိုင်းတပ်မဟာတွင် လာရောက်ပူးပေါင်းမည့် စစ်သည်တော်များနှင့် မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များကို ကြိုဆိုဖိတ်ခေါ်ကြောင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ တော်လှန်ရေးတပ်ဖွဲ့များနှင့်လည်း စစ်ဆင်ရေးများကို ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားရန် အဆင်သင့်ရှိသည်ဟု အသိပေးထုတ်ပြန်ထားသည်။ 

လက်ရှိတွင် မန္တလေး PDF သည် စဉ့်ကူး၊ သပိတ်ကျင်းနှင့် မတ္တရာမြို့များကိုထိန်းချုပ်ထားပြီး မိုးကုတ်၊ နောင်ချို မြို့တို့ကိုလည်း TNLA နှင့်အတူ တိုက်ခိုက်သိမ်းပိုက်ထားသည်။

#TachileikNewsAgency

#TNA_MAT

Photo:ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး