မင်းကင်းမြို့နယ် လက်ပံရွာရှိ မင်္ဂလာဆောင်ကို စစ်ကောင်စီဗုံးကြဲရာ ၂၀ ဦးထက်မနည်းသေပြီး အများအပြားဒဏ်ရာရ 

မင်းကင်းမြို့နယ် လက်ပံရွာရှိ မင်္ဂလာဆောင်ကို စစ်ကောင်စီဗုံးကြဲရာ ၂၀ ဦးထက်မနည်းသေပြီး အများအပြားဒဏ်ရာရ 

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် လက်ပံရွာရှိ မင်္ဂလာဆောင်တစ်ခုကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ(၃)ရက်နေ့ နံနက်ပိုင်းတွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲရာ ဒေသခံ(၂၀)ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရကြောင်း ဒေသခံများထံမှ ကနဦးသတင်း သိရသည်။

"ဂျက်ဖိုက်တာ တစ်စီးဖြတ်သွားတာ။ နံနက်(၈)နာရီ (၁၇)မိနစ်လောက်မှာ လက်ပံရွာက မင်္ဂလာဆောင်ကို ဗုံး(၂)လုံးချတယ်။ ဗုံး (၂)လုံးချလိုက်တဲ့အချိန်မှာ တစ်လုံးက မကွဲဘူး။ တစ်လုံးက ကွဲတယ်။ အခု ခန့်မှန်းသေဆုံးသူ(၂၀)ဦး အထက်ရှိတယ်။ ဒဏ်ရာရသူများတယ်။"ဟု ဒေသတွင်း တော်လှန်ရေး ရဲဘော်တစ်ဦးက Tachileik News Agency ကိုပြောသည်။

လက်ရှိတွင် ကယ်ဆယ်ရေးများလုပ်ဆောင်နေရပြီး သေဆုံးသူနှင့် ဒဏ်ရာရသူစာရင်းကို စိစစ်နေဆဲဖြစ်သည်ဟု ဆိုသည်။

"မင်္ဂလာဆောင် လုပ်နေတဲ့အချိန် ပရိသတ်ထဲချတာဆိုတော့ တော်တော်များများသေသွားတယ်။ မင်္ဂလာဆောင်က ဒေသခံတွေပါ။ PDF တွေမဟုတ်ပါဘူး။ ဗုံးချတော့ ရုန်းရင်းဆန်ခတ်တွေဖြစ်ကုန်တာပေါ့။"ဟု ဒေသခံတစ်ဦးကပြောသည်။

အသေးစိတ်အချက်အလက်ကို Tachileik News Agency အနေဖြင့် ထပ်မံစုံစမ်းဆဲဖြစ်သည်။

#TachileikNewsAgency