တစ်နိုင်ငံလုံးမှာ အင်တာနက်လိုင်းပြတ်တောက်မှုများ ဆိုးဝါးစွာဖြစ်ပေါ်နေ

တစ်နိုင်ငံလုံးမှာ အင်တာနက်လိုင်းပြတ်တောက်မှုများ ဆိုးဝါးစွာဖြစ်ပေါ်နေ

မြန်မာကျပ်ငွေတန်ဖိုးစံချိန်တင်ကျဆင်းပြီးနောက် လူထု၏ဝေဖန်မှုများ ပြင်းထန်စွာထွက်ပေါ်လာချိန်တွင် ကျပ်ငွေတန်ဖိုးကျဆင်းခြင်းမှာ Online Social Media Platform များဖြစ်သည့် Facebook၊ Viber၊ Telegram တို့တွင် Fake Account များဖြင့် ငွေကြေးတိုးမြှင့်ကောက်ခံနေခြင်းကြောင့်ဖြစ်ကြောင်း စစ်ကောင်စီဗဟိုဘဏ်မှ ကြေညာချက်တစ်စောင်ထုတ်ပြန်ပြီးနောက်  အင်တာနက်လိုင်း ပြတ်တောက်မှုများ ဆိုးဝါးစွာဖြစ်ပေါ်နေကြောင်းသိရသည်။

“ မနေ့က ညနေပိုင်းက စပြီးမရတော့တာ၊ လူသုံးများတဲ့ VPN တချို့ရဲ့ IP တွေ Ban ခံလိုက်ရတာ၊ ISP တွေလည်း Force ခံရပုံပါပဲ”ဟု ပြည်တွင်းရှိကုမ္ပဏီတစ်ခုတွင် IT ပိုင်း ဆောင်ရွက်နေသည့် ဝန်ထမ်းတစ်ဦးမှ Tachileik News Agency ကို ပြောသည်။

ပြည်တွင်း၌ အင်တာနက်လိုင်းများ ဆိုးဝါးစွာ ပြတ်တောက်မှုစတင်ဖြစ်ပေါ်ချိန်နှင့် တပြိုင်တည်းတွင် စစ်ကောင်စီလော်ဘီ Channel များ၌ “အကြမ်းဖက်များလှုံ့ဆော်ရာ Facebook ကို နစက ကိုင်တွယ်နေပြီ” ဟု ရေးသားဖော်ပြမှုများရှိခဲ့သည်။

“Facebook ကို နစက အနေနဲ့ ကိုင်တွယ်ဖို့ရှိတယ်၊ ဘာလို့လည်း အကြမ်းဖက်သမားတွေ လူသစ်စုဆောင်း ၊ လူံဆော်မှုတွေနဲ့ ငွေကြေးစုဆောင်းမှုတွေလုပ်ဆောင်နေတာလည်း Facebook ပလက်ဖောင်းပဲ ။ Fcaebook က မြန်မာနိုင်ငံအတွက် သိပ်ကိုအန္တရာယ်ကြီးတဲ့ အနေအထားမှာရှိတယ်” ဟု စစ်ကောင်စီလော်ဘီ Channel တစ်ခုဖြစ်သည့် ကျော်စိုးဦး Channel တွင် ဖော်ပြထားသည်။

လက်ရှိအင်တာနက်ပြတ်တောက်မှုများကြောင့် မည်သည့် Post မှ တင်၍မရတော့ဘဲ အရောင်းအဝယ်လည်း တော်တော်ပါးသွားကြောင်း ပြည်တွင်းတွင် Onilne မှတစ်ဆင့် အစားအသောက်ရောင်းချနေသူ လုပ်နေသူတစ်ဦးမှ Tachileik News Agency သို့ ပြောသည်။

“အခု Wifi တွေသုံးလို့မရတော့ဘူး ၊ Data နဲ့တော့ရတယ် ။ အခက်အခဲက ဘာမှတင်လို့မရ အရောင်းအဝယ်လည်းပါးတယ်၊ ဘယ်သူမှ သုံးလို့မရတော့လေ” ဟု ၎င်းကပြောသည်။

အင်တာနက်ပြတ်တောက်မှုများအကြောင်း 5BB Wifi ကုမ္ပဏီထံ ဆက်သွယ်မေးမြန်းရာတွင် VPN များကို ဆက်သွယ်ရေးဘက်မှ ပိတ်ချလိုက်ခြင်းကြောင့် ကုမ္ပဏီဘက်မှ Server များပါ ထိခိုက်မှုရှိခဲ့သည့်အတွက် လိုင်းအဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သည်ဟု အကြောင်းပြန်ကြောင်း ၎င်းကဆိုသည်။

“ Singapore က ဆာဗာကျတာလို့လည်းပြောတယ် ၊ သူတို့က တခုခုဖြစ်ရင် အဲ့ဒါကိုနင်းပြီးဝါဒဖြန့်တတ်တယ်။ အဲ့ဒါကိုထည့်တွက်ရမယ်။ အခုလုပ်နေတာ သူတို့ပါ ထိမယ့်ကိစ္စပဲ၊ နိုင်ငံက လည်ပတ်မှုရပ်ပြီး အခု ငတ်နေတဲ့ လူထုက ပိုငတ်မှာ။ ငွေကြေးဈေးနှုန်းကို တည့်တည့်ဖြေရှင်းရမယ့်အစား မဆိုင်တာလုပ်တာက လက်လုပ်လက်စားနဲ့ online ဈေးကွက်ကို မှီခိုနေရတဲ့ ပြည်သူတွေအတွက် ပိုခက်ခဲလာစေမှာ” ဟု စစ်ကောင်စီကို ရှေ့တန်းတစ်နေရာတွင် တော်လှန်တိုက်ခိုက်နေသည့် လူငယ်တစ်ဦးမှ Tachileik News Agency ကို ပြောသည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်တွင် ည (၁) နာရီမှ မနက် (၉) နာရီအထိ နိုင်ငံအနှံ့ အင်တာနက်ဖြတ်တောက်ခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် ပြန်လည်ဖွင့်ပေးခဲ့သော်လည်း Facebook၊ Instagram၊ Twitter(X) စသည့် လူသုံးများသည့် Social Mediaများကို ဆက်လက်ပိတ်ပင်ထားပြီး ပြည်သူလူထုမှ VPN ဖြင့် အသုံးပြုနေရသည်မှာ (၃) နှစ်ကျော် ကြာမြင့်ချိန်တွင် စစ်ကောင်စီမှ VPN များကိုပါ ဆက်လက်ပိတ်ပင်ရန် ကြိုးပမ်းလာခြင်းဖြစ်သည်။

#TachileikNewsAgency