စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ရှိ တရုတ်ဝမ်ပေါင်ကုမ္ပဏီကို လုံခြုံရေးယူပေးထားသော စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်သည် ဝမ်ပေါင်ကုမ္ပဏီအနီးရှိ မအိုကျေးရွာကို ဝင်ရောက်မီးရှို့ရာ နေအိမ်(၂၀) မီးလောင်ပျက်စီးသည်ဟု ဒေသခံများထံမှ သိရသည်။
တရုတ်ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်းမှ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၃)ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်က မအိုကျေးရွာကို ဝင်ရောက်မီးရှို့သဖြင့် ဒေသခံများလည်း ထွက်ပြေးခဲ့ရသည်။
“အိမ်ခြေ (၂၀) လောက်မီးလောင်ပျက်စီးသွားတယ်။ အခုစစ်ကောင်စီတပ်တွေ ဝမ်ပေါင်ထဲဝင်သွားပြီ။ မအိုရွာနဲ့ ဝမ်ပေါင်ကုမ္ပဏီက လမ်းမကြီးတစ်ခုနဲ့ လယ်ယာ (၅)ကွက်လောက်ပဲဝေးတယ်။”ဟု ဆားလင်းကြီး ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုကြောင့် ဝမ်ပေါင်ကုမ္ပဏီအနီး ဆားလင်းကြီးမြို့မြောက်ဘက်ခြမ်းရှိ ကျေးရွာ(၆)ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေခဲ့ရကာ မုံရွာဘက်ခြမ်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
ပစ်ခတ်မှုသည် အိုမရွာနှင့် ထန်းတောရွာအကြားတွင် ဖြစ်ပွားခဲ့ပြီး ထန်းတောရွာတွင်လည်း ပြီးခဲ့သည့်နှစ်က စစ်ကောင်စီတပ်များ ဝင်ရောက်မီးရှို့ပြီး ဂိတ်ဖွင့်ထားသည်ဟု ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်ကော်မတီထံမှ သိရသည်။
“ထန်းတောရွာဆို တစ်ရွာလုံးရှောင်ရတာ တစ်နှစ်ကျော်ပြီ။ ဝမ်ပေါင်က စစ်ကောင်စီတပ်တွေက ဂိတ်တွေဖွင့်ပြီး ပိုက်ဆံညှစ်တာတွေရှိတယ်။”ဟု ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်ကော်မတီမှ ကိုအောင်ခန့်ဇော်က Tachileik News Agency ကိုပြောသည်။
စစ်အုပ်စုသည် တရုတ်နှင့်ပေါင်းကာ ဝမ်ပေါင်နှင့် ယန်စီကုမ္ပဏီတို့မှတဆင့် ကြေးနီများကိုထုတ်လုပ်နေခြင်းဖြစ်သည်။
ဝမ်ပေါင်ကုမ္ပဏီမှ စစ်ကောင်စီတပ်သည် စီမံကိန်းအနီးရှိ ကျေးရွာများအား မီးရှို့ခြင်း၊ ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်ခြင်းအပြင် လက်နက်ကြီးနှင့်ပစ်ခတ်ခြင်းများကို ကျူးလွန်နေသည်။
တရုတ်ပိုင် ဝမ်ပေါင်ကုမ္ပဏီကို အမေရိကန်နှင့် ဗြိတိန်အစိုးရတို့က ၂၀၂၁ ခုနှစ်တွင် ဒဏ်ခတ်အရေးယူထားသည်။
#TachileikNewsAgency
Photo: ဆားလင်းကြီးမြို့နယ်-လက်ပံတောင်းတောင်ပင်မသပိတ်