စစ်ကောင်စီမှ ကုန်ပစ္စည်းချင်း ဖလှယ်သည့်စနစ် ပြန်လည်အသုံးပြု

စစ်ကောင်စီမှ ကုန်ပစ္စည်းချင်း ဖလှယ်သည့်စနစ် ပြန်လည်အသုံးပြု

ကျပ်ငွေတန်ဖိုးများ အဆမတန်ကျဆင်းလာချိန်တွင် ကုန်သွယ်ဖက် နှစ်နိုင်ငံအကြား ကုန်ပစ္စည်းချင်း အပြန်အလှန်ဖလှယ်သည့် ကုန်သွယ်မှုစနစ် (Barter Transaction Arrangement)ကို ကျင့်သုံးရန် ၂၀၂၄ ခုနှစ် မေလ (၂၈) ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်မှ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

ကုန်သွယ်ဖက်နှစ်နိုင်ငံအကြား ကုန်ပစ္စည်းချင်းအပြန်အလှန်ဖလှယ်သည့် ကုန်သွယ်မှုစနစ်(Barter Transaction Arrangement-BTA)အရ ပို့ကုန်တင်ပို့ခြင်းမှ နိုင်ငံခြားငွေပြန်လည်ရရှိမှု ကင်းလွတ်ခွင့်ပုံစံ Export Bill Receivable Exemption (EBRE)နှင့် သွင်းကုန်တန်ဖိုးအတွက် နိုင်ငံခြားငွေ ပေးချေခြင်းမှ ကင်းလွတ်ခွင့်ပုံစံ Import Bill Payment Exemption (IBPE) ပေးပို့ရာတွင် ဆောင်ရွက်ရမည့်အစီအစဉ်ကို စစ်ကောင်စီဗဟိုဘဏ်က ၎င်းတို့၏ ကြေညာချက်တွင်ဖော်ပြထားသည်။

“ဒါက လိုအပ်နေတဲ့ နိုင်ငံခြားငွေကို လျှော့ချခြင်လို့ ဒီစနစ်ကို ပြန်သုံးတာလို့ မြင်တယ်။ ဒီစနစ်က အဆင်မပြေဘူး။ လုပ်ငန်းရှင်တွေအတွက် ထိခိုက်မှုရှိတာပေါ့ ။ ဘာဆက်လုပ်မလဲ စောင်ကြည့်ရမှာပေါ့။” ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ကုန်သွယ်ဖက်နှစ်နိုင်ငံအကြား ကုန်ပစ္စည်းချင်းအပြန်အလှန်ဖလှယ်သည့် ကုန်သွယ်မှုစနစ်(Barter Transaction Arrangement - BTA)အရ ပို့ကုန်တင်ပို့ပြီးပါက ပို့ကုန်အတွက် နိုင်ငံခြားငွေပြန်လည်ရရှိမှု ကင်းလွတ်ခွင့် Export Bill Receivable Exemption(EBRE) ပုံစံ-ပူးတွဲ-၁ နှင့် သွင်းကုန်တင်သွင်းပြီးပါက သွင်းကုန်တန်ဖိုးအတွက် နိုင်ငံခြားငွေပေးချေခြင်းမှ ကင်းလွတ်ခွင့် Import Bill Payment Exemption (IBPE) ပုံစံ-ပူးတွဲ(၂)အား အထောက်အထားများနှင့်အတူ ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနကြီး၊ မြန်မာနိုင်ငံဗဟိုဘဏ်သို့ လိပ်မူပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် Allowed Shipment Notification Release Order Notification မိတ္တူ ၊ Barter system ဖြင့် ခွင့်ပြုခဲ့သည့် Export/Import License Sale Contract နှင့်အခြားလိုအပ်သည့်အထောက်အထားတို့အား ပူးတွဲတင်ပြရန်ဖြစ်ပြီး  အဆိုပါပုံစံအား Email- [email protected] သို့ပေးပို့ရမည်ဖြစ်ပြီး၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနကြီးအနေဖြင့် စာကိုလက်ခံရရှိပါက လက်ခံရရှိကြောင်း (Well Received)ပြန်လည်ပေးပို့ပါမည်ဖြစ်ကြောင်း သိရသည်။

ဒေါ်လာနှင့် နိုင်ငံခြားငွေဈေးများ အချိန်တိုအတွင်း မြင့်တက်လာခြင်းကို Online Social Media Platform များဖြစ်သည့် Facebook ၊ Viber၊ Telegram အစရှိသည်တို့ပေါ်တွင် ID အစစ်အမှန်မဟုတ်သည့်အကောင့် (Fake Account) များ အသုံးပြု၍ ဘဏ်များမှ ငွေလဲလှယ်နှုန်းများ တိုးမြှင့်ကောက်ခံနေခြင်းကြောင့်ဖြစ်ကြောင်း စစ်ကောင်စီ ဗဟိုဘဏ်က မေလ (၂၉) ရက်နေ့တွင် ကြေညာချက်တစ်စောင် ထပ်မံထုတ်ပြန်၍ ဖြေရှင်းချက်ပေးထားသည်။

လူများ ပထမဆုံးငွေကြေးတီထွင်သုံးစွဲခဲ့သည်မှာ နှစ်ပေါင်း ၆၀၀၀ ခန့်ကြာမြင့်ချိန်တွင် စစ်ကောင်စီမှ ကုန်ပစ္စည်းချင်း ဖလှယ်သည့်စနစ်ကို ပြန်လည်အသုံးပြုရန် ကြိုးပမ်းလာခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: စားသုံးသူရေးရာဦးစီးဌာန