နှစ်ဖက်အပစ်အခတ်ရပ်စဲပြီးနောက် SSPP စစ်ယာဉ်တန်းကို RCSS မှ (၇) ကြိမ်မြောက် မိုင်းဆွဲတိုက်ခိုက်

နှစ်ဖက်အပစ်အခတ်ရပ်စဲပြီးနောက် SSPP စစ်ယာဉ်တန်းကို RCSS မှ (၇) ကြိမ်မြောက် မိုင်းဆွဲတိုက်ခိုက်

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ စစ်ယာဉ်တန်းကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) က မိုင်းဆွဲတိုက်ခိုက်ကြောင်း SSPP မှ သတင်းထုတ်ပြန်သည်။

မိုင်းကိုင်မြို့နယ် မိုင်းယွန်းကျေးရွာအုပ်စု နောင်ဟေးကျေးရွာနှင့် မယ်ဇလီကျေးရွာကြား ဖြတ်သန်းသွားလာနေသည့် SSPP စစ်ကြောင်းယာဉ်တန်းတစ်စီးကို ၂၀၂၄ခုနှစ် မေလ (၂၈)ရက်နေ့ ညနေ(၃)နာရီတွင် RCSS ဘက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယာဉ်အနည်းငယ် ထိခိုက်ပျက်စီးခဲ့ကြောင်း SSPP မှ ဆိုသည်။

နှစ်ဖက်တပ်အကြား ပစ်ခတ်တိုက်ခိုက်မူ ရပ်စဲရေး ကြေညာစာ ထုတ်ပြန်ပြီးနောက်ပိုင်း ၂၀၂၄ ခုနှစ်အတွင်း မတ်လတွင် တစ်ကြိမ်နှင့် မေလ အတွင်းတွက် (၆)ကြိမ် စုစုပေါင်း (၇)ကြိမ်တိုင် RCSS တပ်ဖွဲ့မှ SSPP တပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခြင်းနှင့် ခြုံခိုတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း SSPP မှ ဆိုသည်။

ရှမ်းတပ်နှစ်ဖွဲ့၏ စည်းလုံးညီညွတ်ရေးကို ရှေးရှုပြီး လက်ရှိအချိန်ထိ SSPP တပ်ဖွဲ့သည် RCSS တပ်ဖွဲ့အပေါ် တုံ့ပြန်တိုက်ခိုက်ခြင်းနှင့် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ တစ်ကြိမ်တစ်ခါမှ ပြုလုပ်ခဲ့ခြင်းမရှိကြောင်း SSPP အဖွဲ့မှ ၎င်းတို့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ရှမ်းတပ်နှစ်ဖွဲ့ဖြစ်သည့် SSPP နှင့် RCSS တို့သည် စည်းလုံးညီညွတ်ရေးတည်ဆောက်နိုင်ရန် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၂၉) ရက်နေ့တွင် နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မူရပ်စဲကြောင်း ပူးတွဲကြေညာစာတစ်ခု ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: SSPP Info