ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တွင် ပြုလုပ်သည့်ပန်းသပိတ် သံရုံးများလည်းပါဝင်လာ

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တွင် ပြုလုပ်သည့်ပန်းသပိတ် သံရုံးများလည်းပါဝင်လာ
ဇွန် 19, 2024 | 2021 Military Coup

ဒေါ်အောင်ဆန်းစုကြည်၏ (၇၉)နှစ်ပြည့်အနေဖြင့် တစ်နိုင်ငံလုံးကပြုလုပ်နေသည့် ပန်းသပိတ်ကို ရန်ကုန်မြို့ရှိ သံရုံးများကလည်း ပါဝင်ကြောင်း ပုံတင်သည်ကို တွေ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးချုပ်နှောင်ထားမှုအပေါ် ရှုတ်ချပြီး မတရားဖမ်းဆီးခံထားရသူများ အားလုံးကို ပြန်လွှတ်ပေးရန်လည်း ရန်ကုန်ရှိ ဗြိတိန်သံရုံး၊ ဂျာမနီသံရုံးနှင့် ဥရောပသမဂ္ဂရုံးတို့က တောင်းဆိုထားကြသည်။

ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ(၁၉)ရက်နေ့တွင် ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်း အမှတ်အနေဖြင့် တော်လှန်ရေးအဖွဲ့အစည်းများက ပန်းသပိတ်ပြုလုပ်ရန် တိုက်တွန်းနှိုးဆော်ထားရာ အဆိုပါသံရုံးများကလည်း ပန်းဓာတ်ပုံများကို ၎င်းတို့၏ လူမှုကွန်ယက်(Facebook)တွင် ဖော်ပြလာခြင်းဖြစ်သည်။

ယနေ့တွင် မြန်မာနိုင်ငံအနှံ့တွင် အသက်(၇၉)နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် ဆန္ဒပြခြင်းများ၊ လှုပ်ရှားမှုများကို စစ်ကောင်စီပိတ်ပင်နေသည့်ကြားက လုပ်ဆောင်နေခြင်းဖြစ်သည်။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် အာဏာသိမ်း၍ ဖမ်းဆီးခဲ့ပြီး အမှု(၁၉)မှုနှင့် ထောင်ဒဏ်(၃၃)နှစ်ချမှတ်ခဲ့သည်။

ယင်းအထဲမှ (၆)နှစ်ကို ပြီးခဲ့သည့်နှစ် သြဂုတ်လ(၁)ရက်နေ့က လျှော့ပေါ့ပေးခဲ့သော်လည်း ကျန်နေသေးသည့် (၁၄)မှုအတွက် လက်ရှိတွင် ထောင်ဒဏ်(၂၇)နှစ် ကျခံနေရဆဲဖြစ်သည်။

#TachileikNewsAgency