စစ်ကောင်စီတပ်က ကျူးလွန်သည့် အကြမ်းဖက်လုပ်ရပ်များအား တော်လှန်ရေး အင်အားစုများအပေါ်ပုံချ

စစ်ကောင်စီတပ်က ကျူးလွန်သည့် အကြမ်းဖက်လုပ်ရပ်များအား တော်လှန်ရေး အင်အားစုများအပေါ်ပုံချ

ပြီးခဲ့သည့် သီတင်းအပတ်အတွင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်များတွင် တော်လှန်ရေးတပ်ဖွဲ့များကို အကြမ်းဖက်မှုကျူးလွန်နေသည့် အဖွဲ့အစည်းများအဖြစ် ပို့စ်(၁၆၀)ကျော် ဖော်ပြခဲ့ကာ စစ်ကောင်စီက ၎င်းတို့ကျူးလွန်ထားသည့် အကြမ်းဖက်လုပ်ရပ်များကို တော်လှန်ရေးအင်အားစုအပေါ်ပုံချခဲ့ကြောင်း Burma Affairs Conflict Study အဖွဲ့၏ အချက်အလက်ကောက်ယူမှုအရသိရသည်။

ဆုံရွာတွင် အရပ်သားအစုလိုက်အပြုံလိုက်သေဆုံးခဲ့သည့် ဖြစ်စဉ်၊ လက်ထုတ္တောရွာ စစ်ရာဇဝတ်မှုနှင့် KNU/PDF ပူးပေါင်းတပ်များက ကျုံအိတ်တံတားအပါဝင် လျှပ်စစ်တာဝါတိုင်များချိုး၊ အများပြည်သူသုံးလမ်းများတွင် မိုင်းထောင်နေကြသည်ဟုဖော်ပြထားသည့် ဖြစ်စဉ်များသည် စစ်ကောင်စီရပ်ဝန်းရှိ တယ်လီဂရမ်သုံးစွဲသူများကြားတွင် လူစိတ်ဝင်စားမှုမြင့်တက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ လော်ဘီများမှ စစ်ကောင်စီ လက်အောက်ခံများ ကျူးလွန်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်များကို တော်လှန်ရေး အင်အားစုများအပေါ် ပုံချမှုများရှိခဲ့သလို၊ KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွန်းသေဆုံးပုံနှင့် ပတ်သက်ပြီး မဟုတ်မမှန် ဝါဒဖြန့်ချိမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောရွာအား မေလ (၁၁)ရက်နေ့တွင် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ဘုန်းကြီးကျောင်း၌ စစ်ဘေးရှောင်နေသည့် ဒေသခံ (၃၃)ဦးကို သတ်ဖြတ်ခဲ့သည်။ လွတ်လပ်သည့်သတင်းဌာနများတွင် မျက်မြင်ဒေသခံကို ကိုးကားပြီး အဆိုပါဖြစ်စဉ်သည် စစ်တပ်မှ ကျူးလွန်ခဲ့သည်ကို အတည်ပြုခဲ့ပြီး၊ စစ်ကောင်စီဝါဒဖြန့်ချန်နယ်များတွင် တော်လှန်ရေးတပ်ဖွဲ့များမှ ကျူးလွန်သည်ဟု အကြိမ်ကြိမ်ဝါဒဖြန့်ခဲ့ကြောင်း BACS မှဆိုသည်။

မေလ ဒုတိယပတ်အတွင်း၌ အရပ်သား အစုလိုက်အပြုံလိုက် သေဆုံးမှု ဖြစ်စဉ် (၃)ခုရှိခဲ့ပြီး ဖြစ်စဉ် (၃)ခုထဲတွင် အကြည်ပန်းပလွန်ရွာ လေကြောင်းတိုက်ခိုက်မှုကို PDF ဌာနချုပ်ကို တိုက်ခိုက်မှုအဖြစ် ပုံဖော်ခဲ့ပြီး၊ ကျန်ဖြစ်စဉ် နှစ်ခုဖြစ်သည့် ဆုံရွာနှင့် လက်ထုတ္တော ဖြစ်စဉ်ကို တော်လှန်ရေးတပ်များက အရပ်သားများကို ကျူးလွန်မှုအဖြစ် ဝါဒဖြန့်ခဲ့ကြကြောင်းသိရသည်။ 

ကချင်လွတ်လပ်ရေးတပ်မတော် KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးခေါင်လွန်း အသည်းရောဂါနှင့် လိုင်ဇာမှာ ကွယ်လွန်သွားခဲ့သည့်ဖြစ်စဉ်အား စစ်တပ်မှ ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ခြင်း ၊ လေယာဉ်ဗုံးမှန်ခြင်း၊ KIA ခေါင်းဆောင်အချင်းချင်း လုပ်ကြံခြင်း စသည်ဖြင့် ဇာတ်လမ်းဆင် ဝါဒဖြန့်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီအနေဖြင့် KIA၏ ထိုးစစ်အတွင်း၌ စခန်းများ ရာနှင့်ချီ ဆုံးရှုံးနေရခြင်းကို ထိထိရောက်ရောက် မတုံ့ပြန်နိုင်သည့်အတွက် အချင်းချင်းသွေးကွဲစေရန်နှင့် လူထုယုံကြည်မှုကျဆင်းရန် ကြိုးစားလုပ်ဆောင်နေသည်ကိုတွေ့ရကြောင်း BACSမှ ဆိုသည်။

ထို့အပြင် လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့များမှ ဗမာလူမျိုး PDF လူငယ်များကို အသုံးချအမြတ်ထုတ်ပြီး ထိန်းချုပ်နယ်မြေများရရှိရန် ကြိုးစားနေကြောင်း သွေးခွဲဝါဒဖြန့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ကွတ်ခိုင်တွင် ရှမ်းအလံနှင့် သာသနာ့အလံကို တအာင်းတပ် TNLAမှ ဖြုတ်ချပြီး၊ တအာင်းအလံ အစားထိုးလွှင့်တင်ခဲ့သည့် ဖြစ်စဉ်အား လူမျိုးရေးနှင့်ဘာသာရေး စော်ကားမှုအဖြစ်ပုံဖော်ပြီး နှစ်ဖက်လူ့အဖွဲ့စည်းတွေအကြား ရန်တိုက်အရေးသားများဖြင့် လှုံဆော်ခဲ့ကြောင်း BACS ၏ အချက်အလက်ကောက်ယူမှုအရသိရသည်။ 

ရခိုင်ပြည်နယ်အတွင်း၌လည်း ရိုဟင်ဂျာများနှင့် ရခိုင်လူမျိုးများအကြား၊ ရိုဟင်ဂျာများနှင့် ရက္ခိုင့်တပ်တော် AA အကြား အမုန်းတရားဖြန့်မှုများ ဆက်လက်လုပ်ဆောင်နေပြီး AA အနေဖြင့် လူမျိုးရေးခွဲခြားဖိနှိပ်မှုများ ပြုလုပ်နေကြောင်း၊ ရိုဟင်ဂျာများကို ဖမ်းဆီးကာ  ရိုဟင်ဂျာရွာများအား မီးရှို့နေကြောင်းနှင့် AA၏ ဖိနှိပ်မှုများကြောင့် ရိုဟင်ဂျာများသည် စစ်တပ်နှင့် ပူးပေါင်းကာ AAကို တွန်းလှန်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဝါဒဖြန့်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီအား မြန်မာပြည်သူများသာမက တစ်ကမ္ဘာလုံးမှ အလိုမရှိတော့သည့်အတွက် လူမှုကွန်ယက် ပလက်ဖောင်းများစွာ ရှိနေသော်လည်း စစ်ကောင်စီအနေဖြင့် ဝါဒဖြန့်ချိရေးအား ၎င်းတို့ လက်အောက်ခံ သတင်းစာများနှင့် ရုပ်သံချန်နယ်များကို အဓိကထား အသုံးပြုနေရပြီး ဆိုရှယ်လူမှုကွန်ရက်တခုဖြစ်သည့် တယ်လီဂရန်ချန်နယ်များကို အသုံးပြု၍ ဝါဒဖြန့်ချိရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးလုပ်ဆောင်နေရကြောင်း BACS၏ အချက်အလက်ကောက်ယူမှုအရသိရသည်။ 

စစ်ကောင်စီလော်ဘီ တယ်လီဂရန်ချန်နယ်များဖြစ်သည့် ကျော်စွာ၊ ကိုသက်၊ ဘညွန့်၊ သဇင်ဦး၊ ရွှေဘ၊ ဟန်ငြိမ်းဦးအပါအဝင် လူပုဂ္ဂိုလ်အမည်နှင့် ၆ ဦး၊ သတင်း ဌာနအမည်နှင့် ၆ ခု၊ သတင်းစိစစ်ရေးပုံစံ ၁ ခုတို့ကို ပုံဖော်လေ့ရှိသည့် အကြောင်းအရာ အမျိုးအစား ၂၃ မျိုးခွဲ၍ BACS က နေ့စဉ်စောင့်ကြည့်နေကြောင်းသိရသည်။

Burma Affairs & Conflict Study အဖွဲ့သည် စစ်ကောင်စီ၏ ဝါဒဖြန့်ချီမှုများနှင့် လှုပ်ရှားမှုများကို စောင့်ကြည့်လေ့လာနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး လစဉ်နှင့် အပတ်စဉ် စစ်ကောင်စီ၏ လှုပ်ရှားမှုများကို အချက်အလက်မှတ်တမ်းများထုတ်ပြန်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

#TachileikNewsAgency

Photo: Burma Affairs & Conflict Study