ပဲခူးတိုင်း ပြည်ခရိုင် သဲကုန်းမြို့နယ်တွင် စစ်ကောင်စီအတွက် ရပ်ရွာအတွင်းရှိ ပြည်သူများကို အတင်းအဓမ္မခေါ်ယူ လူသစ်စုဆောင်းပေးနေသည့် အုပ်ချုပ်ရေးမှူးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ခတ်ရှင်းလင်းကြောင်း သိရသည်။
သဲကုန်းမြို့နယ် အင်ပင်လှရွာနေ အုပ်ချုပ်ရေးမှူး မျိုးထွန်း အား ၂၀၂၄ခုနှစ် မေလ (၂၃)ရက်နေ့ နံနက်ခြောက်နာရီခွဲခန့်တွင် ၎င်းနေအိမ်အနီးလမ်းမပေါ်၌ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်းတပ်ခွဲ (၃)မှ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူးသည် စစ်ကောင်စီအလိုကျ စစ်မှုထမ်းစုဆောင်းရာတွင် ကျေးရွာအတွင်းရှိ ပြည်သူများကို အတင်းအဓမ္မစုဆောင်းခြင်း၊ ကျေးရွာအုပ်စုအတွင်း တော်လှန်ရေးတပ်ဖွဲ့များ၏ မိသားစုဝင်များကို နေထိုင်၍မရအောင် စစ်ကောင်စီထံ သတင်းပေးပို့ခြင်း၊ ကျေးရွာအုပ်စုအတွင်း လောင်းကစားဝိုင်းများထောင်ခြင်းနှင့် စစ်ကောင်စီကို ထောက်ပံပေးနေသည့်အတွက် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း PPDF အဖွဲ့မှဆိုသည်။
အဆိုပါတော်လှန်ရေးတပ်ဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှ ပြည်ခရိုင်အခြေစိုက် အဖွဲ့တစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် တော်လှန်ရေးတပ်ဖွဲ့များထဲမှ တစ်ခုဖြစ်သည်။
#TachileikNewsAgency