အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရွေးကောက်ပွဲကို တနိုင်ငံလုံး အတိုင်းအတာနှင့် မလုပ်နိုင်တောင် အပိုင်းအလိုက် လုပ်ဆောင်မည်ဟု ပြောဆိုထားပြီး မေလအတွင်း နိုင်ငံအတွင်းရှိ စစ်ကောင်စီ ထိန်းချုပ်ထားနိုင်သည့်နေရာများတွင် ရွေးကောက်ပွဲဆိုင်ရာလှုပ်ရှားမှု ၅၉ ကြိမ်အထိ ပြုလုပ်ခဲ့ကြောင်း Burma Affairs & Conflict Study အဖွဲ့၏ အချက်အလက်ကောက်ယူမှုအရသိရသည်။
ရွေးကောက်ပွဲဆိုင်ရာလှုပ်ရှားမှုများကို မေလ (၁၁) ရက်နေ့မှ မေလ (၁၇)ရက်နေ့ အတွင်း (၅၉) ကြိမ်ပြုလုပ်ခဲ့ပြီး လှုပ်ရှားမှုများ၏ ထက်ဝက်ကျော် (၃၂) ကြိမ်ကို ရန်ကုန်တိုင်းအတွင်းတွင် ပြုလုပ်ခဲ့ကာ တနင်္သာရီတိုင်းတွင် (၉) ကြိမ်၊ နေပြည်တော်တွင် (၆) ကြိမ်၊ ပဲခူးတိုင်းတွင် (၅) ကြိမ်၊ မွန်ပြည်နယ်တွင် (၃) ကြိမ်နှင့် ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းတို့တွင် (၂) ကြိမ်စီ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လက်နက်ကိုင်တော်လှန်ရေး အားကောင်းရာဒေသများဖြစ်သည့် ရခိုင်၊ ကချင်၊ ချင်း၊ ကရင်၊ ကယား (ကရင်နီ)၊ စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းတို့တွင်မူ စစ်ကောင်စီ၏ ရွေးကောက်ပွဲဆိုင်ရာ လှုပ်ရှားမှုများ ပြုလုပ်နိုင်ခဲ့ခြင်းမရှိကြောင်း BACSမှ ဆိုသည်။
ရွေးကောက်ပွဲဆိုင်ရာ လှုပ်ရှားမှုများတွင် ပန်းခင်းစီမံချက် အဆင့် (၃) လုပ်ဆောင်မှုအကြိမ် (၃၀) အထိရှိခဲ့ပြီး Biometric Data ကောက်ယူမှု (၁၈) ကြိမ်၊ MEVM မဲပေးစက် စမ်းသပ်မဲပေးခြင်း (၃) ကြိမ်နှင့် မဲစာရင်းဆိုင်ရာ လုပ်ဆောင်မှု (၂) ကြိမ်ရှိခဲ့ကြောင်း သိရသည်။
အခြားသော လှုပ်ရှားမှုများအနေဖြင့် သန်းခေါင်စာရင်းဆိုင်ရာ တင်ဒါခေါ်ယူမှု (၄)ကြိမ်၊ အစည်းအဝေးလုပ်ဆောင်မှုနှင့် သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ အထောက်အကူပြု ပစ္စည်းပေးအပ်ခြင်းတို့ကို (၁) ကြိမ်စီ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
E-ID SERVER အတွင်းတွင်ရှိသည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၃၁)ရက်တွင် အသက် (၁၈) နှစ်ပြည့်မည့် လူဦးရေစာရင်းကို စတင်စိစစ်နေပြီး စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ထံ တတိယအကြိမ် မူကြမ်းပေးပို့နိုင်ရန် လုပ်ဆောင်နေသည်ကိုတွေ့ရကြောင်း BACS မှ ဆိုသည်။
သန်ခေါင်စာရင်း ကောက်ယူရေးအတွက် စာရင်းစစ်၊ စာရင်းကောက် နည်းပြသင်တန်းနှင့် ဆင့်ပွားသင်တန်းများကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီခန့် မြို့နယ်သန်းခေါင်စာရင်းကော်မတီမှ ဆိုသည်။
သန်းခေါင်စာရင်း ကောက်ယူပြီးစီးကြောင်း စတစ်ကာ၊ Notebook၊ ဘောပင်၊ ဦးထုတ်၊ ကျောပိုးအိတ်၊ စပို့ရှပ်၊ ရင်ထိုး၊ လည်ဆွဲကဒ် စသည့် အမှတ်အသား ပစ္စည်းများ ထုတ်လုပ်နိုင်ရန် တင်ဒါခေါ်ယူနေသည်ကိုလည်း တွေ့ရကြောင်း BACSအဖွဲ့၏ အချက်အလက်ကောက်ယူမှုအရသိရသည်။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် H.E. Mr. Alounke Kittikhoun နှင့် အာဆီယံအတွင်းရေးမှူးချုပ် Dr. Kao Kim Hourm တို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့မှ မင်းအောင်လှိုင်နှင့် နေပြည်တော်တွင် မေလ (၁၅) ရက်နေ့က တွေ့ဆုံခဲ့ပြီး ပြည်သူများ၏ လိုလားချက်ဖြစ်သည့် ပါတီစုံ ဒီမိုရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရေးအတွက် ကြိုးပမ်းနေကြောင်း မင်းအောင်လှိုင်မှ ပြောဆိုခဲ့သည်ဟု စစ်ကောင်စီလက်အောက်ခံ ပြည်တွင်းသတင်းဌာနများ၏ ဖော်ပြချက်အရသိရသည်။
မင်းအောင်လှိုင်က ရွေးကောက်ပွဲကို တနိုင်ငံလုံး အတိုင်းအတာအနေဖြင့် မလုပ်နိုင်ရင်တောင် အပိုင်းအလိုက် လုပ်ဆောင်မည်ဟု ပြောဆိုထားကာ ယခုအချိန်အထိ လက်မလျှော့သေးဘဲ နိုင်ငံတကာမှ ရောက်ရှိလာသည့် အဖွဲ့အစည်းများ၊ သတင်းဌာနများနှင့်တွေ့တိုင်း ပြောဆိုနေခြင်းဖြစ်ကြောင်း BACS မှဆိုသည်။
BACS အဖွဲ့သည် စစ်ကောင်စီ၏ တရားမဝင် ရွေးကောက်ပွဲအကြို ပြင်ဆင်မှုများနှင့် စစ်ကောင်စီလက်အောက်ခံ နိုင်ငံရေး ပါတီများ၏ အထွေထွေလှုပ်ရှားမှုများကို သတင်းမီဒီယာများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များ၊ စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာများ ၊ ဝက်ဘ်ဆိုက်များမှတဆင့် စောင့်ကြည့်နေသည့် အဖွဲ့တစ်ခုဖြစ်သည်။
#TachileikNewsAgency
Photo: Burma Affairs & Conflict Study