တရုတ်ရင်းနှီးမြှုပ်နှံမှုများ ဆုံးရှုံးနစ်နာမှုများကို တားဆီးထိန်းသိမ်းပေးရန် MNDAA ထုတ်ပြန် 

တရုတ်ရင်းနှီးမြှုပ်နှံမှုများ ဆုံးရှုံးနစ်နာမှုများကို တားဆီးထိန်းသိမ်းပေးရန် MNDAA ထုတ်ပြန် 
ဇူလိုင် 30, 2024 | 2021 Military Coup| ရှမ်းမြောက်

တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုများ၏ ဆုံးရှုံးနစ်နာမှုများကို အတတ်နိုင်ဆုံး တားဆီးထိန်းသိမ်းပေးရန် အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ဝန်ထမ်းများအား ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ထုတ်ပြန်ချက်ကို MNDAA က ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၃၀)ရက်နေ့တွင် ထုတ်ပြန်သည်။

လွတ်မြောက်ရေးတိုက်ပွဲကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပျက်စီးစေခြင်းအား ရှောင်ရှားရန်နှင့် အမျိုးသားဒီမိုကရေစီတော်လှန်ရေးတိုက်ပွဲများကို ဆင်နွှဲရာတွင် လွတ်မြောက်နယ်မြေအတွင်းရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ဝန်ထမ်းများကို ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် MNDAA စစ်ရေးကော်မတီက ထုတ်ပြန်လာခြင်းဖြစ်သည်။

ထုတ်ပြန်ချက်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှန်သမျှကို ကောင်းမွန်စွာကာကွယ်ရန်၊ တရုတ်နိုင်ငံရင်းနှီးမြှုပ်နှံမှုများ၏ ဆုံးရှုံးနစ်နာမှုများကို အတတ်နိုင်ဆုံး တားဆီးထိန်းသိမ်းပေးရန်၊ ပြည်သူလူထုနှင့် နိုင်ငံခြားသားများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်ပေးရန် ထုတ်ပြန်ထားသည်။

မဟာမိတ်အဖွဲ့အစည်းများနှင့် ကောင်းမွန်စွာပြောဆိုပြီး တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ဝန်ထမ်းများကို ထိခိုက်စေနိုင်သည့် လုပ်ဆောင်ချက်များကို ဟန့်တားကြရန်၊ တရုတ်နိုင်ငံ၏ အကျိုးအမြတ်ကို ထိခိုက်စေသော လုပ်ဆောင်ချက်များကို တွေ့ရှိပါက MNDAA စစ်ရေးကော်မတီထံသို့ တင်ပြပြီး တရုတ်နိုင်ငံ၏ သက်ဆိုင်ရာဌာနများနှင့် ချက်ချင်းဆက်သွယ်ကြရန်လည်း ထုတ်ပြန်ထားသည်။

စစ်မြေပြင်တွင် ပိတ်မိနေသော တရုတ်နိုင်ငံသားများကို အချိန်မီကယ်ထုတ်ကြရန်၊ ဒဏ်ရာရှိနေသော တရုတ်နိုင်ငံသားများ၊ အခက်အခဲနှင့်တွေ့ကြုံနေရသော သို့မဟုတ် ကုမ္ပဏီတိုက်ခိုက်ခံရသော တရုတ်နိုင်ငံသားများကိုတွေ့ရှိပါက အတတ်နိုင်ဆုံးကူညီကယ်တင်ကြရန် ထုတ်ပြန်ထားသည်။

#TachileikNewsAgency