မင်းလှမြို့နယ်တွင် အုပ်ကြီး အာကြီး ပစ်ခတ်ခံရ

မင်းလှမြို့နယ်တွင် အုပ်ကြီး အာကြီး ပစ်ခတ်ခံရ

ပဲခူးတိုင်း မင်းလှမြို့နယ် ညောင်ကုန်းအုပ်စု အုပ်ချုပ်ရေးမှူး အာကြီး(ခ)ခင်ထွန်းလွင် ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁၉)ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်ခံရကြောင်း သိရသည်။

အုပ်ချုပ်ရေးမှူး အာကြီး(ခ)ခင်ထွန်းလွင်သည် မင်းလှမြို့သို့ ဆိုင်ကယ်စီးလာစဉ် ချောင်းနားရွာတောင်ဘက်၌ သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ(၂)၊ တပ်ခွဲ(၃)နှင့် မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရသည်။

အာကြီး(ခ)ခင်ထွန်းလွင်မှာ ဦးခေါင်းကျည်ထိမှန်သေဆုံးပြီး ၎င်းထံမှ ဖုန်းတစ်လုံး၊ ငွေကျပ် (၄)သိန်း၊ ဘေးလွယ်အိတ်တစ်လုံးနှင့် ဆိုင်ကယ်တစ်စီးတို့ကို သိမ်းဆည်းရရှိသည်ဟုလည်း ထုတ်ပြန်ထားသည်။

အာကြီး(ခ)ခင်ထွန်းလွင်မှာ လူငယ်များအား စစ်မှုထမ်းရန် ခြိမ်းခြောက် ဖိအားပေးလူစုခြင်း၊ စစ်မှုထမ်း ထောက်ပံ့ကြေးမပေးသည့်နေအိမ်များအား စစ်တပ်ခေါ်ဖမ်းခိုင်းခြင်းနှင့် မီးရှို့မည်ဟု ခြိမ်းခြောက်ခြင်း၊ ပြည်သူမျာထံမှ ငွေကောက်ယူခြင်းတို့ကြောင့် ပစ်ခတ်ခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။

အဆိုပါ တော်လှန်ရေးတပ်ဖွဲ့အနေဖြင့် လူငယ်များအား စစ်မှုထမ်းရန် အတင်းအကြပ် လူစုနေသူများ၊ ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေသူများကို အရေးယူမည်ဟုလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency