ကျိုက်ဒုံမြို့အနီးရှိ စစ်ကောင်စီ၏ ဖူ့ချိမူစစ်စခန်းကို တော်လှန်ရေးတပ်များသိမ်းပိုက်

ကျိုက်ဒုံမြို့အနီးရှိ စစ်ကောင်စီ၏ ဖူ့ချိမူစစ်စခန်းကို တော်လှန်ရေးတပ်များသိမ်းပိုက်

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းရှိ ဖူ့ချိမူစစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောာင်စီတပ်သား (၄၀)ကျော် ဖမ်းဆီးရမိသည်ဟု တော်လှန်ရေးတပ်များထံမှ သိရသည်။

ဖူ့ချိမူစခန်းကို KNLA နှင့် ပူးပေါင်းတပ်များက ၂၀၂၄ ခုနှစ် မေလ(၁၇)ရက်နေ့မှ (၁၈)ရက်နေ့အထိ တိုက်ခိုက်၍ သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်

"စခန်းကသိမ်းလိုက်ပြီပေါ့နော်။ ကော့ကရိတ်မြို့နယ်အပိုင်ဆိုပေမယ့် ကျိုက်ဒုံဘက်ကစခန်းပေါ့။ စစ်ကောင်စီတပ်သား ၄၁ ဦးကို မိတယ်။ ကျန်တာကတော့ ထွက်ပြေးတယ်ပေါ့။"ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက Tachileik News Agency ကိုပြောသည်။

အဆိုပါတပ်စခန်းတွင် ခမရ(၅၅၈)၊ ခမရ(၅၆၁)နှင့် ခလရ (၉၉၃)တို့မှ စစ်ကောင်စီတပ်သား(၁၀၀)ကျော်ဖြင့် အခြေချထားသည့်တပ်ဖြစ်ကြောင်း သိရသည်။

ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်များသည် မေလ(၁၈)ရက်နေ့တွင် ထွက်ပြေးရာလမ်းရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနှင့် အမျိုးသား(၃)ဦးတို့ကို သတ်သွားခဲ့သည်။

ပြီးခဲ့သည့် မတ်လ(၁၄)ရက်နေ့ကလည်း ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့ရှိ စစ်ကောင်စီတပ်၏ ကျိုက်ဒုံဗျူဟာကုန်းကို KNLA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ရာ ဗျူဟာမှူးအပါ စစ်ကောင်စီတပ်ဖွဲ့ဝင်(၆၆)ဦး လက်နက်ချ အညံ့ခံခဲ့သည်။

#TachileikNewsAgency