ဂန့်ဂေါခရိုင် အမှတ် ( ၁၃ ) တပ်ရင်းနယ်မြေအတွင်း နယ်မြေလုံခြုံရေးအတွက် ညမထွက်ရအမိန့်နှင့် ဧည့်သည်များ ဧည့်စာရင်းတိုင်ရန် ဒေသန္တရမိန့် ထုတ်ပြန်

ဂန့်ဂေါခရိုင် အမှတ် ( ၁၃ ) တပ်ရင်းနယ်မြေအတွင်း နယ်မြေလုံခြုံရေးအတွက် ညမထွက်ရအမိန့်နှင့် ဧည့်သည်များ ဧည့်စာရင်းတိုင်ရန် ဒေသန္တရမိန့် ထုတ်ပြန်

မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ အမှတ် ( ၁၃ ) တပ်ရင်းနယ်မြေအတွင်း နယ်မြေမတည်ငြိမ်မှုနှင့် နယ်မြေလုံခြုံရေး လိုအပ်ချက်များရှိနေသည့်အတွက် ညမထွက်ရအမိန့်နှင့် ဧည့်သည်များ ဧည့်စာရင်းတိုင်ရန် အချက် ( ၅ ) ချက် ပါဝင်သည့် ဒေသန္တရမိန့်ထုတ်ပြန်ကြောင်း ဂန့်ဂေါခရိုင်အမှတ် ( ၁၃ ) တပ်ရင်းမှ ၂၀၂၄ ခုနှစ် မေလ ( ၁၇ ) ရက်တွင် သတင်းထုတ်ပြန်သည်။

နယ်မြေလုံခြုံရေးအတွက် သက်ဆိုင်ရာ ခရိုင်ကွပ်ကဲရေး ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြင့် ညှိနှိုင်းဆွေးနွေးကာ ယခုလို ဒေသန္တရမိန့်ထုတ်ပြန်ခြင်း ဖြစ်ကြောင်းသိရသည်။

ဂန့်ဂေါခရိုင်အမှတ် ( ၁၃ ) တပ်ရင်းနယ်မြေအတွင်းရှိ စစ်ဆေးရေးဂိတ်များတွင် လိုအပ်သည့် စစ်ဆေးမှုများကို မည်သူမဆို စစ်ဆေးမှု ခံယူရန်နှင့် ည ( ၈ ) နာရီမှ နံနက် ( ၅ ) နာရီအတွင်း ခရီးသွားပြည်သူများ ဖြတ်သန်းသွားလာခြင်း ပိတ်ပင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမဆို ဂန့်ဂေါခရိုင်အမှတ် ( ၁၃ ) တပ်ရင်းနယ်မြေအတွင်းရှိ ကျေးရွာများအတွင်းတွင် တပ်စခန်းချနေထိုင်ခြင်း မပြုရန်နှင့် မည်သည့်လူပုဂ္ဂိုလ်မဆို သက်ဆိုင်ရာဒေသအဖွဲ့အစည်းများ၏ ခွင့်ပြုချက်မရှိပဲ တည်းခိုနေထိုင်ခြင်း မပြုရန်၊ ဧည့်စာရင်းတိုင်ကြရန် ဂန့်ဂေါခရိုင်အမှတ် ( ၁၃ ) တပ်ရင်းမှ အသိပေးထားသည်။

ဂန့်ဂေါခရိုင် အမှတ် ( ၁၃ ) တပ်ရင်းနယ်မြေအတွင်း ဒေသခံလူထု၏ လုံခြုံရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ခွင့်ပြုချက်မရှိဘဲ စုဝေးခြင်းများကို ပိတ်ပင်ကြောင်းလည်း ထုတ်ပြန်ထားသည်။

ဒေသခံလူထုနှင့် အဖွဲ့အစည်းများ အနေဖြင့် အမိန့်ထုတ်ပြန်ချက်အပေါ် လိုက်နာဆောင်ရွက်ပေးကြရန်နှင့် မလိုလားအပ်သည့် ပြသနာရပ်များ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာ ကာယကံရှင်မှ အပြည့်အ၀ တာဝန်ယူရမည်ဖြစ်ပြီး တပ်ရင်းအနေဖြင့်လည်း လိုအပ်သည့် အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂန့်ဂေါခရိုင်အမှတ် ( ၁၃ ) တပ်ရင်းက အသိပေးထားရှိသည်။