YGF-ရေးပြောက်ကျားတပ်ဖွဲ့ ရှေ့တန်းထောက်ပို့နှင့် ဆက်သွယ်ရေးရုံးစခန်း ဝင်စီးခံရကာ လက်နက်၊ ခဲယမ်းများဆုံးရှုံး

YGF-ရေးပြောက်ကျားတပ်ဖွဲ့ ရှေ့တန်းထောက်ပို့နှင့် ဆက်သွယ်ရေးရုံးစခန်း ဝင်စီးခံရကာ လက်နက်၊ ခဲယမ်းများဆုံးရှုံး

မွန်ပြည်နယ် ရေးမြို့နယ်ရှိ YGF-ရေးပြောက်ကျားတပ်ဖွဲ့၏ ရှေ့တန်းထောက်ပို့နှင့် ဆက်သွယ်ရေးရုံး စခန်းချရာနေရာကို အမည်မသိ လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၂)ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်စီးနင်းသွားကြောင်း သိရသည်။

အဆိုပါ ဝင်ရောက်စီးနင်းခြင်းကြောင့် YGF-ရေးပြောက်ကျားတပ်ဖွဲ့မှ ဆုတ်ခွာပေးခဲ့ရပြီး ရဲဘော်တစ်ဦး ပေါင်နှင့်လက်တို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ရုံးစခန်းအတွင်းရှိ လက်နက်(၁၁)လက်၊ ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ အစရှိသည့် ခန့်မှန်းတန်ဖိုး ကျပ်သိန်း(၂၀၀၀)ဝန်းကျင် ဆုံးရှုံးခဲ့ရကြောင်း YGF-ရေးပြောက်ကျားတပ်ဖွဲ့က ယနေ့ ဇူလိုင်လ (၂၇)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၁၈)ရက်နေ့ကစတင်ကာ မွန်ပြည်နယ် ရေးမြို့နယ်နှင့် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အစပ်ရှိ၊ အလယ်စခန်း အနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်နှင့် YGF-ရေးပြောက်ကျားတပ်ဖွဲ့အပါအဝင် KNLA ပူးပေါင်းတပ်တို့ (၆)ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

အဆိုပါနေရာ၌ ဇူလိုင်လ (၁၈)ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားပြီနောက် စစ်ကောင်စီတပ် ခမရ(၄၀၇)၊ ခလရ(၁၀၄)၊ ခမရ(၄၀၈)နှင့် ခလရ(၂၈၂)စသည့် တပ်ရင်းများသည် အင်အား(၃၀၀)ကျော်ဖြင့် စစ်ကြောင်း (၄)ကြောင်းခွဲ၍ ဇူလိုင်လ (၁၉)ရက်နေ့တွင် ထိုးစစ်ဆင်လာရာက ဇူလိုင်လ (၂၄)ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဇူလိုင်လ (၁၈)ရက်နေ့က အလယ်စခန်းအနီးတစ်ဝိုက်တွင် အင်အား(၂၀၀)ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ပူးပေါင်းစစ်ကြောင်းဖြစ်သည့် KNLAတပ်ရင်း (၂၇)၊ တပ်ခွဲ(၂)နှင့် YGF-ရေးပြောက်ကျားတပ်ဖွဲ့တို့ပူပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency

Photo : ရေးပြောက်ကျားတပ်ဖွဲ့ဝင်များ(ပုံဟောင်း)