ရှမ်းပြည်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်အတွင်း စစ်မှုထမ်းတပ်သားသစ်ခေါ်ဆောင်ရန် ထွက်လာသည့် စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ကြောင်း ရွာငံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YNPDF)က သတင်းထုတ်ပြန်သည်။
ရွာငံမြို့မှထွက်လာသည့် မြို့နယ်ထွေအုပ်၊ မြို့မစခန်းမှုးနှင့် စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် Hijet ကား(၄)စီးပါ ယာဉ်တန်းကို ရွာငံမြို့နှင့် နွားဘန်းကြီးကျေးရွာသွားလမ်း မုံလည်လမ်းခွဲကွေ့တွင် ပဒေသာမိုင်းသုံးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း YNPDF က ၂၀၂၄ခုနှစ် မေလ(၁၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
တိုက်ခိုက်မှုကြောင့် ရှေ့ဆုံးမှ လုံခြုံရေးလိုက်လာသည့် စစ်ကောင်စီကား မိုင်းထိမှန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် နောက်မှလိုက်လာသည့် ကားများမှ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ပြီး သေဆုံးသူများနှင့် ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အောင်ပန်း ကုတင်(၇၀၀) စစ်ဆေးရုံသို့ သယ်ဆောင်သွားဟု YNPDFမှ ဆိုသည်။
တိုက်ခိုက်မှုကို ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YNPDF) ရွာငံ ပကဖ တပ်ခွဲ(၁)၊ တပ်ခွဲ(၂)နှင့် ဓနုအခြေစိုက် ၁၀၀၃တပ်ရင်း တပ်ခွဲ(၂)တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
#TachileikNewsAgency