ကြို့ပင်ကောက်မြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် မိုင်းဆွဲခံရ

ကြို့ပင်ကောက်မြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် မိုင်းဆွဲခံရ

ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်က ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်မှုများ လုပ်ဆောင်နေသောကြောင့် ပြည်သူများအနေဖြင့် ၎င်းတို့အနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် Black Dragon GBK-PDF က ထုတ်ပြန်အသိပေးထားသည်။

ကြို့ပင်ကောက်မြို့နယ် ကွင်းချောင်းကျေးရွာဘက်မှ တက်လာသည့် အင်အား(၁၀၀)ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းအား ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၅)ရက်နေ့ နံနက်ပိုင်းက ဥယျာဥ်ကြီးကျေးရွာထိပ်၌ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ(၆) Black Dragon GBK-PDF ရဲဘော်များက စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိပြီး (၄၀)မမဖြင့် ထပ်မံပစ်ခတ်ခြင်း၊ လက်နက်ငယ်များနှင့် အပြန်အလှန်ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ (၂၆)ရက်နေ့တွင် ဥယျာဥ်ကြီးရွာမှ ထွက်လာသည့် အင်အား(၃၀)ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၆) Black Dragon GBK-PDF တပ်ဖွဲ့က အေးရွာလေးရွာထိပ်တွင် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ 

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက် ထိခိုက်သေဆုံးသူရှိပြီး ထိခိုက်ဒဏ်ရာရသူများကို စစ်ကူလာသည့် စစ်ကောင်စီဖောကား(၂)စီးဖြင့် သယ်ဆောင်ကာ တပ်ဆုတ်သွားသည်ဟု ဆိုသည်။

လက်ရှိတွင် အထိနာနေသည့် စစ်ကောင်စီတပ်သည် ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်မှုများ လုပ်ဆောင်နေသောကြောင့် ပြည်သူများအနေဖြင့် ၎င်းတို့အနီး သွားလာနေထိုင်မှုများမပြုလုပ်ကြရန် အသိပေးထုတ်ပြန်ထားသည်။

#TachileikNewsAgency