မြန်မာနိုင်ငံရှိ အကျဥ်းထောင်များတွင် ရေမလုံလောက်မှု ဆိုးဝါးစွာ ကြုံနေရ 

မြန်မာနိုင်ငံရှိ အကျဥ်းထောင်များတွင် ရေမလုံလောက်မှု ဆိုးဝါးစွာ ကြုံနေရ 

မြန်မာပြည်အနှံ့ရှိ အကျဉ်းထောင်များတွင် ရေမလုံလောက်မှု ဆိုးဝါးလာနေပြီး အချို့အကျဉ်းထောင်များတွင် သောက်သုံးရေကိုပင် ဝယ်ယူသုံးစွဲနေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNMက ယနေ့ ၂၀၂၄ ခုနှစ် မေလ (၁၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

လက်ရှိတွင် အကျဉ်းထောင်များအတွင်း သောက်ရေသုံးရေ မလုံလောက်မှုများသည် ပိုမိုဆိုးရွားလာနေပြီး အချို့အကျဥ်းထောင်များတွင် ရေချိုးရာတွင် အခွက် (၂၀)ခန့်သာ ချိုးရပြီး အကျဉ်းသားများမှာ ထုံးဓာတ်များသောရေများနှင့် နုန်းအနယ်များပါသောရေများကို သောက်နေရကြောင်း PPNM ၏ စုံစမ်းမှုအရ သိရသည်။

တို့အပြင် အကျဉ်းသားများမှာ မသန့်ရှင်းသောသောက်သုံးရေနှင့် အာဟာရမရှိသည့် အစားအသောက်များကြောင့် ဗီတာမင်ဓာတ်ချို့တဲ့၍ အောက်ပိုင်းချိနဲ့လေဖြန်းသောရောဂါများလည်း ဖြစ်ပွားလျှက်ရှိကြောင်း သိရသည်။

မိတ္ထီလာအကျဉ်းထောင်တွင် အကျဉ်းသားများသည် ပုံမှန် ဆပ်ပြာမတိုက်မှီ (၁၀)ခွက်၊ ဆပ်ပြာတိုက်ပြီး (၁၀)ခွက် ချိုးရပြီး ရေရှားသောအခါများတွင် စုစုပေါင်း (၁၅)ခွက်ခန့်သာ ချိုးရလေ့ရှိကြောင်း သိရသည်။ 

ထို့အပြင် ထောင်က ရေမပေးနိုင်၍ ရေကားတစ်စီးလျှင် ကျပ်(၆၅,၀၀၀)ခန့်ဖြင့် နိုင်ငံရေးအကျဉ်းသားများစု၍ ရေဝယ်ချိုးရပြီး အလှည့်ကျချိုးရသည့်အတွက် ရေခွက်မလောက်၍ ဝဝလင်လင် မချိုးရသည့်အပြင် နံနက်မျက်နှာသစ်လျှင်လည်း (၃)ခွက်ဖြင့်သာ လောက်ငှအောင် သစ်နေရကြောင်း သိရှိရသည်။

ပုသိမ်အကျဉ်းထောင်ရှိ အမျိုးသမီးဆောင်တွင် ရေတင်သောစက် မကြာခဏပျက်လေ့ရှိသဖြင့် အခြားအဆောင်သို့ပေါင်းကာ ခွက်အရေအတွက်ဖြင့် ရေချိုးရကြောင်းသိရသည်။

ပြည်အကျဉ်းထောင်တွင်လည်း အပြင်မှ ရေသန့်ဝယ်မသောက်နိုင်သောသူများမှာ ထောင်မှတိုက်သောရေသာသောက်ရပြီး ပြန်လွတ်လာသောသူများသည် ကျောက်ကပ်ရောဂါများ ဖြစ်ပွားလျှက်ရှိကြောင်း PPNMမှ ဆိုသည်။

မြစ်ကြီးနားအကျဉ်းထောင်တွင်လည်း သောက်ရေသုံးရေအတွက် အကျဉ်းသားများထံမှ ပိုက်ဆံကောက်၍ ထောင်မှရေများ သောက်ရကြောင်း သိရှိရသည်။

နာမည်ဆိုးနှင့်ကျော်ကြားသည့် အင်းစိန်ဗဟိုအကျဉ်းထောင်တွင် မီးမလာသောအချိန်ကများ၍ အကျဉ်းသားများမှာ ရေကိုခွက်အရေအတွက်ဖြင့်ချိုးရသည့်အပြင် ရေမသန့်ခြင်း၊ ဝလင်စွာရေမချိုးရခြင်းကြောင့် အပူနာများနှင့်ယားနာများဆိုးဝါးစွာ ဖြစ်ပွားလျက်ရှိကြောင်းသိရှိရသည်။ ထို့အပြင် သုံးရေများပင် မပေးနိုင်တော့၍ အကျဉ်းသားများအနေဖြင့် အခက်အခဲများစွာရင်ဆိုင်နေရကြောင်း သိရသည်။ 

သာယာဝတီထောင်တွင်လည်း လေးနာရီမီးလာ၍ လေးနာရီမီးပျက်သောကြောင့် ရေပေးဝေမှုများ မလုံလောက်ကြောင်းသိရှိရသည်။

ပခုက္ကူထောင်တွင် တစ်ရက်လျှင် နှစ်နာရီသာ တန်းဖွင့် လမ်းလျှောက်ခွင့်ပေးပြီး ကျန်အချိန်များတွင် သော့ခတ်၍ အိပ်အဆောင်အတွင်း၌ ပိတ်ထားလျှက်ရှိပြီး ရေချိုးချိန်မှာလည်း အညာနွေအပူဆုံးအချိန် နေ့လယ်တစ်နာရီဖြစ်ပြီး တစ်ခန်းလျှင် လူငါးဆယ်ဖြင့် ကျဉ်းကျဉ်းကြပ်ကြပ် နေရကြောင်းသိရသည်။ ထို့အပြင် ဖျာပုံအကျဉ်းထောင်တွင်လည်း ရေချိုးရာတွင် ခွက်ရေကန့်သတ်ချက်ဖြင့် ချိုးနေရကြောင်း သိရှိရသည်။

မြန်မာပြည်အလယ်ပိုင်း မြင်းခြံဗဟိုအကျဉ်းထောင်တွင် နွေရာသီပူရုံသာမက အလယ်ပိုင်းဒေသဖြစ်၍ ရေလုံလောက်စွာ မရရှိပေ။ အကျဉ်းသားများသည်တနေကုန် နေပူခံထားသောကန်ထဲမှချိုးရေများကို ညနေလေးနာရီခန့်တွင်ချိုးရပြီး ရေများသည် ရေပူများဖြစ်ရုံမက မကြာခဏ ရေညှိများတက်၍ အဆိုပါရေညှိရေပူများကို မကြာခဏချိုးရလေ့ရှိပြီး တစ်ခါမှ ယားနာမပေါက်ဖူးသူများပင် ယားနာများ၊ ပွေး၊ ဝဲ၊ညှင်းများ စသောရောဂါများ ခံစားနေရကြောင်းသိရသည်။

ဂန့်ဂေါအချုပ်ထောင်တွင်လည်း အချုပ်သားများမှာ သောက်ရေကို မိမိကိုယ်တိုင် ဝယ်သောက်ကြရပြီး ချိုးရေအတွက် မော်တာပြင်ရန် ပိုက်ဆံများ စိုက်ပေးရပြီး ရဲစခန်းအတွက် မီတာခပါပေးနေရကြောင်းသိရသည်။ ထိုသို့ပေးရသည်မှာ ရေဖိုး တစ်လစုစုပေါင်း ၈သိန်းကျော် ကုန်ကျပြီး အကျဉ်းသားများမှာ ခွဲတမ်းနှင့် ရေတစ်ယောက်တစ်ပုံးသာချိုးရပြီး အတွင်းခံသာလျှော်ခွင့်ရှိကြောင်းသိရှိရသည်။

ကသာအကျဉ်းထောင်တွင် ယခင်ကတစ်ရက် (၁၈)ခွက်သာချိုးရပြီး ရေရှားလျှင် (၁၂)ခွက်သာချိုးရကာ ၊ လက်ရှိတွင် ချိုးရေမှာ အနည်းငယ်ပြန်လည်အဆင်ပြေလာသော်လည်း သောက်ရေများမှာ ကျောက်စရစ်ခဲစများနှင့် အနယ်အမှုန်များပါလေ့ရှိကြောင်းသိရသည်။

ကလေးအကျဉ်းထောင်တွင်လည်း သောက်ရေမှာ နုန်ုးအနယ်များပါ၍ ရေစစ်ဖြင့် စစ်ချသော်လည်း မရသောရေများကို နှစ်ရှည်သောက်နေရကြောင်းသိရသည်။ ချိုးရေများမှာလဲ နှစ်ရက်သုံးရက်ကြာသောအခါ အနီရောင်များပေါက်လာပြီး ရေညှိများဖြင့်ရေများကိုသာ ချိုးရလေ့ရှိပြီး အကျဉ်းသားများမှာ ပွေး၊ဝဲကဲ့သို့ အရေပြားရောဂါများ စွဲကပ်လျှက်ရှိကြောင်း သိရသည်။

 

ကလေးအကျဉ်းထောင်တွင် အဆိုးရွားဆုံးမှာ သန်သန်မာမာရှိသောအကျဉ်းသားများသည်ပင်လျှင် အာဟာရလုံလောက်စွာ မရခြင်း ကျန်းမာရေးနှင့် မညီညွတ်သော အစားအသောက်များ၊ သောက်သုံးရေများကြောင့် ထုံကျဉ်ဝေဒနာများ ခံစားရ၍ ခြေထောက်များသေးလာကာ လမ်းလျှောက်လျှင်ပင် နှစ်ယောက်တွဲလျှောက်ရသည်အထိ ဆိုးရွားစွာ ကျန်းမာရေးချို့ယွင်းလျှက်ရှိကြောင်းသိရသည်။ 

#TachileikNewsAgency