စစ်ကိုင်းမြို့မှ မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ ထွက်လာသည့် စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ထွက်လာသည့် (၁၂) ဘီးတွဲကား (၁၁) စီးပါသည့် စစ်ကောင်စီယာဉ်တန်းကို ချောင်းဦး-မုံရွာ လမ်းပိုင်းတစ်နေရာ၌ မိုင်းဆွဲတိုက်ခိုက်ကြောင်း Area 71 People Defense Force မှ ယနေ့ ၂၀၂၄ခုနှစ် မေလ (၁၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ထွက်လာသည့် (၁၂) ဘီးတွဲကား (၁၁) စီးပါ ယာဉ်တန်းမှ (၅) စီးမြောက်တွဲကားကို မေလ (၁၂) ရက်နေ့ နေ့လယ် (၁) နာရီခွဲခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီဘက်မှ ကားပေါ်မှ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများလုပ်ဆောင်ခဲ့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်ကျဆုံးခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကို Area 71 People Defense Force၊ မုံရွာခရိုင်တပ်ရင်း (၁၁) တပ်ခွဲ (၃)နှင့် ရပ်ကျေး(ပကဖ) အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စစ်ကိုင်းတိုင်း ချောင်းဦး-မုံရွာ လမ်းပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ စစ်ကောင်စီယာဉ်တန်းများကို အခွင့်အရေးရသလို မိုင်းဆွဲတိုက်ခိုက်မှုများပြုလုပ်နေပြီး ပြီးခဲ့သည့် မေလ (၉)ရက်နေ့ကလည်း ချောင်းဦး-မုံရွာလမ်းပိုင်း တစ်နေရာတွင် စစ်ကောင်စီ ရိက္ခာသယ်ဆောင်သည့် ယာဉ်တန်းကို Area 71 People Defense Forceမှ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

#TachileikNewsAgency

Video: Area 71 peoples defense force