ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ PAL Hotel တွင် တရုတ်နိုင်ငံသားများ ဦးဆောင်ကာ ဖွင့်လှစ်ထားသည့် ကာစီနို လောင်းကစား လုပ်ငန်းကို ဝင်ရောက်ဖမ်းဆီးလိုက်ကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ်အတွင်း (၁)ရပ်ကွက်၊ သီရိမွန်အိမ်ယာ၊ သီရိမွန်(၁၀)လမ်း၊ အမှတ်(၈)ရှိ PAL Hotel အား ၂၀၂၄ခုနှစ် မေလ(၁၀)ရက်နေ့ အကူးပိုင်းအချိန်က ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက် စီးနင်းရာ ဟိုတယ်၏ ဒုတိယထပ်တွင် တရုတ်နိုင်ငံသားများ ဦးဆောင် ဖွင့်လှစ်ထားသည့် လောင်းကစားလုပ်ငန်းကို တွေ့ရှိရကြောင်း သိရသည်။
အဆိုပါ လောင်းကစားလုပ်ငန်းကို တရုတ်နိုင်ငံသားများဖြစ်သည့် Mr.Yang Jian, Mr. Cai Ji Rong နှင့် Mr, Wang Yun Jie အပါအဝင် မြန်မာနိုင်ငံသား ဝင်းမြင့်ထွန်း နှင့် မရင်ရင်တို့ တည်ထောင် လုပ်ကိုင်ခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူ လောင်းကစားဝိုင်း၌ အလုပ်လုပ် ကိုင်သူ မြန်မာနိုင်ငံသား အမျိုးသား(၇)ဦး နှင့် အမျိုးသမီး (၂၄)ဦးတို့ကို ဖမ်းမိကြောင်း သိရသည်။
ယင်းအပြင် လောင်းကစား လာရောက် ကစားသူ တရုတ်နိုင်ငံသား အမျိုးသား (၅)ဦး၊ အမျိုးသမီး (၁)ဦး နှင့် မြန်မာနိုင်ငံသား (၅)ဦး စုစုပေါင်း (၄၇)ဦးတို့ကို သက်သေခံ ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။
သက်သေခံပစ္စည်းများအဖြစ် ဘူကြီးလောင်းကစားခုံ (၅)ခုံ၊ ပဲကြားလော့ လောင်းကစားခုံ (၂)ခုံ၊ ကုလားသုံးကောင် လောင်းကစားခုံ(၁)ခုံ၊ ငါးပစ်ဂိမ်း လောင်းကစားခုံ (၁)ခုံ၊ ဖဲထုတ် (၂၅၄)ထုတ်၊ ငွေကျပ် ငါးရာမှ သိန်းတစ်ရာထိပါ တုံကင်ပြားများ၊ လက်ကိုင်ဖုန်း (၃၈)လုံး၊ လက်တော့ (၂)လုံး၊ Tablet (၁)လုံး၊ All in one ကွန်ပျူတာ (၁)လုံး၊ လောင်းကစား ပြုလုပ်ရာတွင် ငွေအလွှဲ/အပြောင်း ပြုလုပ်ရာ၌ အသုံးပြုသည့် Bank Account နံပါတ်များ ရေးသားထားသည့် ကဒ်ပြား (၁)ခု၊ ဖဲချပ် ဖျက်စက်(၁)လုံး၊ ငွေရေတွက်စက်(၁)လုံး၊ CCTV Recorder (၁)လုံး၊ လောင်းကြေးငွေ (၃၀၁)သိန်းကျပ် နှင့် ကား(၁၇)စီးတို့ကို သိမ်းဆည်းရရှိကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ် ဘုရင့်နောင်နယ်မြေရဲစခန်းတွင် (ပ)၇၆/၂၀၂၄၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)၊ ၁၇(က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ယခုလို ဖမ်းဆီးမှုအပြီး နိုင်ငံအတွင်း မြို့ကြီးများနှင့် နယ်စပ်မြို့များရှိ ဟိုတယ်များတွင် ဖွင့်လှစ်ထားသည့် လောင်းကစားလုပ်ငန်းများကို ဖမ်းဆီးမှုများ လုပ်ဆောင်သွားမည့် စီမံချက်ကို မကြာမီ အကောင်အထည်ဖော်မည်ဟုလည်း သတင်းများထွက်ပေါ်နေလျှက်ရှိသည်။