တာချီလိတ် မူးယစ်ကွင်းဆက်မှ တဆင့် မိုင်းဆတ်မြို့နယ်အတွင်းထဲက ပူနားကိုတွင် မူးယစ်ဆေးဝါး နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ
တာချီလိတ်တွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး ကွင်းဆက်အရ မိုင်းဆတ်မြို့နယ် မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စုအတွင်း ပူနားကိုကျေးရွာတွင် မူးယစ်ဆေးဝါးများ နှင့် ထိုင်းဘတ်ငွေ (၂)သိန်း အပါအဝင် လက်နက်ခဲယမ်းများကို တရားခံနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။
မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု၊ ပူနားကိုကျေးရွာရှိ အာစေး (ခ)အားဆူ(ခ)အားလွန်၏ နေအိမ်အား သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့က ၂၀၂၀ခုနှစ် ဇွန်လ(၆)ရက်နေ့က ဝင်ရောက်စစ်ဆေးရှာဖွေရာက နေအိမ်တွင် ၎င်းအား တွေ့ရှိရကြောင်း သိရသည်။
ဆက်လက်၍ ပူးပေါင်းအဖွဲ့က နေအိမ်အတွင်း ဆက်လက်ရှာဖွေရာက နေအိမ်အိပ်ခန်း မျက်နှာကျက်အပေါ်တွင် သိုဝှက် ထားသော ရောင်စုံကွက်ကြားပီနံအိတ်အတွင်းမှ ဘိန်းဖြူဘလောက်တုံး စုစုပေါင်း အလေး ချိန်(၄.၉၅)ကီလိုအား လည်းကောင်း၊ ကတ်တမင်းအလေးချိန် (၁၀.၅)ကီလိုအား လည်းကောင်း၊ ရုရှားနိုင်ငံထုတ် သေနတ်(၁)လက် နှင့် ၎င်းကျည်အိမ်(၁)ခု၊ ၎င်းကျည် (၄)တောင့်အပြင် လက်ကိုင်ဖုန်း (၁)လုံး နှင့် ထိုင်းဘတ်ငွေ (၂)သိန်းတို့ကို တွေ့ရှိသိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိသည့် အာစေး(ခ)အားဆူ(ခ)အားလွန် အား မိုင်းတွမ်းနယ်မြေရဲစခန်းတွင် မယ(ပ)၂၉/၂၀၂၀၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာ ဥပဒေပုဒ်မ-၁၉(က)/၂၀(က)/၂၂(ခ) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရှိရသည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - မြင့်မောင်(မိုင်းဆတ်)