ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဌာနချုပ် လိုင်ဇာအနီး ဘွမ်ရယ်ဘွမ်တပ်စခန်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်မ (၈၈)တပ်မမှူး ယမန်နေ့ ၂၀၂၄ ခုနှစ် မတ်လ (၂၉)ရက်နေ့ တိုက်ပွဲတွင် သေဆုံးပြီဖြစ်ကြောင်း KIAနှင့်နီးစပ်သူများထံမှ သိရသည်။
မိုးမောက်မြို့နယ် ကုန်းလောရွာအနီး မန်နောင်ဒေသ၌ ဘွမ်ရယ်ဘွမ်စခန်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်နှင့် ဗန်းမော်တက္ကသိုလ် တာပိန်မြစ်အရှေ့ကမ်း မန်နောင်ရွာမှ ဗန်းမော်သို့ချီတက်လာသည့် KIA တပ်ဖွဲ့တို့ ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် (၈၈)တပ်မမှူး ဗိုလ်မှူးချုပ်တစ်ဦး သေဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။
"မနေ့က ဗန်းမော်တက္ကသိုလ်ရဲ့ တာပိန်မြစ်အရှေ့ကမ်း မန်နောင်ရွာမှာ ဗန်းမော်ကိုတက်လာတဲ့ KIA တပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပြီးသေတာ။ ဘွမ်ရယ်ဘွမ်စခန်းက ထွက်ပြေးတဲ့ တပ်ဖွဲ့တွေဆိုတာဟုတ်တယ်။"ဟု KIAနှင့်နီးစပ်သူတစ်ဦးက Tachileik News Agencyကိုပြောသည်။
သေဆုံးသည်ဟု သတင်းထွက်နေသူမှာ ၂၀၂၃ ခုနှစ်က အမှတ် (၈၈)ခြေမြန်တပ်မဌာနချုပ်တွင် တပ်မမှူးအဖြစ်တာဝန်ယူခဲ့သည့် ဗိုလ်မှူးချုပ် မင်းထွဋ်ဦးဟု ပြောဆိုနေသော်လည်း အတည်မပြုနိုင်သေးပါ။
(၈၈)တပ်မမှူးဟောင်း ဗိုလ်မှူးချုပ် မင်းထွဋ်ဦး၏ လက်ရှိရာထူးနှင့် သေဆုံးသည့် ဗိုလ်မှူးချုပ်တစ်ဦး၏ အမည်ကို Tachileik News Agency က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
"လက်ရှိ တပ်မ(၈၈)တပ်မမှူးက ဗိုလ်မှူးချုပ်ကျော်သူပါ။ ကျွန်တော်တို့ နောက်ဆုံးရထားတဲ့ သတင်းဗျ။ အခုသေတဲ့ ဗိုလ်မှူးချုပ်က ကျော်သူလား၊ မင်းထွဋ်ဦးလားဆိုတာတော့ မေးမြန်းထားဆဲပါ။"ဟု တပ်တွင်းသတင်းအရင်းအမြစ်က Tachileik News Agencyကိုပြောသည်။
KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးရှိ ဘွမ်ရယ်ဘွမ် စစ်ကောင်စီတပ်စခန်းကို KIAက မတ်လ(၁၅)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
အဆိုပါ ဘွမ်ရယ်ဘွမ်တပ်စခန်းတွင် စစ်ကောင်စီတပ်မ (၈၈)တပ်မမှူးဦးစီးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားပြီးနောက် စခန်းကို ဝင်ရောက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု KIA နှင့်နီးစပ်သူများက ပြောဆိုထားခြင်းကြောင့် ယခုသေဆုံးသူမှာ ဗိုလ်မှူးချုပ် ကျော်သူဖြစ်နိုင်သည်ဟုလည်း စစ်ရေးသတင်းအရင်းအမြစ်က ဆိုသည်။
ဘွမ်ရယ်ဘွမ် စစ်ကောင်စီတပ်စခန်းသည် မြစ်ကြီးနား-ဗန်းမော်လမ်းမှ လိုင်ဇာမြို့သို့ဝင်သည့် လမ်းဟောင်းအနီးရှိ နားလုံကျေးရွာအထက် တောင်ပေါ်တွင်တည်ရှိသည့်စခန်းဖြစ်သည်။
၂၀၂၃ ခုနှစ်က အမှတ် (၈၈)ခြေမြန်တပ်မဌာနချုပ်တွင် တပ်မမှူးအဖြစ် ဗိုလ်မှူးချုပ် မင်းထွဋ်ဦး တာဝန်ယူစဉ်က ယခုလက်ရှိ (၈၈)တပ်မမှူး ဗိုလ်မှူးချုပ်ကျော်သူမှာ ယခင်က ဗန်းမော်အခြေစိုက် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဒုတိယ စစ်ဆင်ရေးကွပ်ကဲရေးမှူးရာထူးဖြစ်ခဲ့သည်။
၎င်းတို့နှစ်ဦးသည် ၂၀၂၃ ခုနှစ် ဇူလိုင်လက ဗန်းမော်မြို့ ရွှေကျီးနား မဟာစေတီတော်မြတ်ကြီး၏ (၁၅၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲ ဖွင့်ပွဲသို့ အတူတက်ရောက်ခဲ့သည်။
တပ်မ(၈၈)မှူးရာထူးကို ဗိုလ်မှူးချုပ်ကျော်သူ ရယူပြီးသည့်နောက် ၎င်း၏နေရာကို ယခင်က ရခိုင်ပြည်နယ် မြေပုံမြို့တွင် တာဝန်ကျနေသည့် ဗိုလ်မှူးကြီးထွဋ်ခေါင် ရောက်ရှိလာခြင်းဖြစ်သည်။
အမှတ်(၈၈) ခြေမြန်တပ်မဌာနချုပ်သည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သော မကွေးတိုင်း၊ မကွေးမြို့၊ မကွေး−နတ်မောက် ကားလမ်းဘေးတွင် တည်ရှိသည်။
ကချင်ပြည်နယ်အတွင်း KIA တပ်များ၏ စစ်ဆင်ရေးကြောင့် တပ်မဌာနချုပ်များနှင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တို့သည် စစ်ဆင်ရေး၏ တိုက်ရိုက်ကွပ်ကဲစီမံသော တိုက်ခိုက်ရေးတပ်ဖွဲ့များဖြစ်သဖြင့် စစ်နယ်ဝန်း ပုံသေမရှိဘဲ လိုအပ်သည့်နေရာသို့ သွားရောက်တာဝန်ထမ်းဆောင်ရခြင်းဖြစ်သည်။
ပြီးခဲ့သည့် မတ်လ(၇)ရက်မှစတင်သည့် KIA၏ ထိုးစစ်သည် လက်ရှိတွင် လက်နက်ကြီးနှင့် ပစ်ခတ်နေသည့် လိုင်ဇာဌာနချုပ်အနီးရှိ စစ်ကောင်စီတပ်စခန်းများ၊ မြစ်ကြီးနား-ဗန်းမော်လမ်းရှိ စစ်ကောင်စီတပ်ရင်းများ၊ ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
KIA၏ ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း စစ်သုံ့ပန်း ရာချီဖမ်းဆီးရမိခဲ့ကာ စခန်းများမှလည်း စစ်ကောင်စီတပ်သား အများအပြား ထွက်ပြေးနေခြင်းဖြစ်သည်။
#TachileikNewsAgency