နွားထိုးကြီးမြို့နယ်အတွင်း နေအိမ်များအား မွှေနှောက်နေသည့် စစ်ကောင်စီတပ်နှင့်တိုက်ပွဲဖြစ်ပြီး နှစ်ဘက် ကျဆုံးသူရှိဟု နွားထိုးကြီး PDF ဆို

နွားထိုးကြီးမြို့နယ်အတွင်း နေအိမ်များအား မွှေနှောက်နေသည့် စစ်ကောင်စီတပ်နှင့်တိုက်ပွဲဖြစ်ပြီး နှစ်ဘက် ကျဆုံးသူရှိဟု နွားထိုးကြီး PDF ဆို
ဇန်နဝါရီ 19, 2024 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်တွင် ဒေသခံများ၏ နေအိမ်များအား ဝင်ရောက်မွှေနှောက်နေသည့် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပြီး နှစ်ဘက်ကျဆုံးမှုရှိခဲ့ကြောင်း နွားထိုးကြီး PDF က ယနေ့ ဇန်နဝါရီလ(၁၉)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ 

  ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၁၆)ရက်နေ့က နွားထိုးကြီးမြို့နယ် မန်ကျီးကုန်းကျေးအတွင်းသို့ ၀င်ရောက်လာသည့် စစ်ကောင်စီကား(၂)စီးသည် ဒေသခံများ၏ နေအိမ်များအား ဝင်ရောက်မွှေနှောက်သွားပြီး ၀က်လူးနယ်မြေ ရဲစခန်းမှ စစ်ကူလာသည့် ကားအကြီးတစ်စီးကို ဖောင်ချဉ်း-၀က်လူးလမ်းပိုင်းတွင် ဒေသကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဝက်လူးနယ်မြေရဲစခန်းမှလာသည့် ကားများသည် ဖောင်ချဉ်းကျေးရွာသို ထပ်မံ၀င်ရောက်၍ ဒေသခံများ၏ တန်ဖိုးရှိပစ္စည်းများအား ထပ်မံယူဆောင်နေသဖြင့် ဒေသကာကွယ်ရေးတပ်များက ‌ရွာအနီးသို့ ၀င်ရောက်ကာ တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲ(၂)နာရီ၀န်းကျင်ကြာဖြစ်ပွားကာ စစ်ကောင်စီတပ်၏ Jet fighter တစ်စီးလာရောက် ခြင်းကြောင့် ပြန်လည်ဆုတ်ခွါခဲ့သည်ဟု ဆိုသည်။

ဇန်နဝါရီလ (၁၇)ရက်နေ့ နံနက်ပိုင်းတွင် ခြေလျင်ထွက်ခွာလာသည့် အင်အား(၅၀) ဝန်းကျင်ပါ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ ဖောင်ကျဉ်းကျေးရွာမြောက်ဘက်တွင် အနီးကပ်တိုက်ပွဲ (၃)နာရီကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိကာ ဒေသကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ရကြောင်း သိရသည်။

တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင် အမှတ် -(၄)တပ်ရင်းနှင့် နွားထိုးကြီးမြိုနယ် (ပကဖ)တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ခဲယမ်းလိုအပ်ချက်များလည်း ရှိနေသည်ဟု သိရသည်။