AA ကိုဆန္ဒပြရန် မွတ်ဆလင်များအား စကခ(၁၅)မှ ဗိုလ်မှူးချုပ် သူရိန်ထွန်းက ခြိမ်းခြောက်ခိုင်းစေ

AA ကိုဆန္ဒပြရန် မွတ်ဆလင်များအား စကခ(၁၅)မှ ဗိုလ်မှူးချုပ် သူရိန်ထွန်းက ခြိမ်းခြောက်ခိုင်းစေ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် မွတ်ဆလင်များအား တပ်သားသစ်စုဆောင်းခြင်းနှင့် ရက္ခိုင့်တပ်တော်အပေါ်  ဆန္ဒပြရန် မွတ်ဆလင်များအား ခြိမ်းခြောက်စေခိုင်း ကြိုးကိုင်သူမှာ ဘူးသီးတောင်မြို့နယ်အခြေစိုက် အမှတ်(၁၅)စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ်မှ ဗိုလ်မှူးချုပ် သူရိန်ထွန်းဖြစ်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် မတ်လ(၁၉)ရက်နေ့က ဘူးသီးတောင်မြို့နယ်ရှိ မွတ်ဆင်ဒုက္ခသည်စခန်းများနှင့်၊ တပ်မင်းချောင်း၊ ကျောက်ဖြူတောင်တို့မှ မွတ်ဆလင်များကို ရက္ခိုင့်တပ်တော်အား ဆန္ဒပြခိုင်းခဲ့သည့်နောက်ကွယ်မှ ကြိုးကိုင်သူမှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းဖြစ်သည်ဟု ဆိုသည်။

"လူတစ်ဦးချင်းကို  စစ်မှုမထမ်းချင်ရင် AAကို ဆန္ဒပြရမယ်ဆိုပြီး ခြိမ်းခြောက်စုရုံးပြီးတော့ သူတို့အစီအစဉ်ကို ထောက်ခံခိုင်းတယ်။ ရက္ခိုင့်တပ်တော်ကို ဆန့်ကျင်ခိုင်းတာ။ ကြောက်တော့လည်း လုပ်ခဲ့ရတာပေါ့။"ဟု မွတ်ဆလင်တစ်ဦးက Tachileik News Agency ကိုပြောသည်။

ဗိုလ်မှူးချုပ် သူရိန်ထွန်းသည် ဘူးသီးတောင်မြို့ရှိ မွတ်ဆလင်များကို ခြိမ်းခြောက်၍ ပြည်တွင်းစစ်ကို မလိုလားကြောင်း၊ AA အလိုမရှိကြောင်း၊ တိုက်ပွဲများ အလိုမရှိကြောင်း ကြွေးကြော်ဆန္ဒပြခိုင်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

"စစ်တပ်က အခုလုပ်နေတာတွေ အားလုံးကြည့်မယ်ဆိုရင် လူမျိုးရေး အဓိကရုဏ်း ဖန်တီးဖို့ ကြိုးစားနေတာတွေ့ရတယ်။ ဘူးသီးတောင်မြို့ပေါ်မှာ မနေ့က ဆန္ဒပြပွဲဖြစ်သွားခဲ့ပေမယ့် ပါဝင်တဲ့လူတွေက မြို့ပေါ်ကလူတွေ မဟုတ်ဘူး။ စစ်တပ်က ကား(၁၀)စီးနဲ့ ရွာတွေကနေ ခေါ်လာတာ။ သူတို့တွေကို လွန်ခဲ့တဲ့ ၄-၅ ရက်ကတည်းက ဆိုင်းဘုတ်တွေ ပြင်ဆင်ပေးထားတယ်။ ဆန္ဒပြပွဲ မလိုက်ရင် အိမ်မီးရှို့မယ်၊​ ဖမ်းမယ်ဆိုတာမျိုးတွေ ခြိမ်းခြောက်တာတွေ ရှိတယ်။ အဲဒီတော့ စစ်တပ်ရဲ့ အမိန့်ကိုမလွန်ဆန်နိုင်ကြဘူး။ စစ်ကားတွေနဲ့ မြို့ပေါ်တက်ပြီး စစ်တပ်အလိုကျ လုပ်ပေးကြရတယ်။"ဟု ရိုဟင်ဂျာလွတ်မြောက်ရေးညွှန့်ပေါင်းအဖွဲ့၏ ပူးတွဲတည်ထောင်သူ ဦးရိုနေဆန်းလွင်က Tachileik News Agency ကိုပြောသည်။

ရက္ခိုင့်တပ်တော်သည် (၃)လအတွင်း ရခိုင်ပြည်နယ်ရှိ မြို့ပေါင်း (၈)မြို့ကို သိမ်းပိုက်ထားပြီး ဘူးသီးတောင်၊ မောင်တောမြို့တို့ကိုလည်း ဆက်လက်ထိုးစစ်ဆင်နေသည့် အချိန်ကာလတွင် ဗိုလ်မှူးချုပ် သူရိန်းထွန်းက မွတ်ဆလင်များအား အသုံးချလာခြင်းဖြစ်သည်။

ဗိုလ်မှူးချုပ် သူရိန်ထွန်းသည် မောင်တောမြို့စောင့်တပ်ဖြစ်သည့် မြို့သူကြီးရှိ အမှတ်(၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ၏ ရှေ့ကာကင်းအထိုင် ဗောဓိကုန်းစခန်းကို ရက္ခိုင့်တပ်တော်(AA)က ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၆)ရက်နေ့က သိမ်းပိုက်စဉ် မောင်တောခရိုင်နေ မွတ်ဆလင်များကို အတင်းအဓမ္မ အစည်းအဝေးခေါ်ယူပြီး တပ်အတွင်းသို့ ဝင်ခိုင်းခဲ့သူဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။

"စစ်သင်တန်း အတင်းတက်ခိုင်းပြီး လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေဖြစ်အောင် အတင်းလုပ်ခိုင်းခဲ့တဲ့သူပါ။ အဲဒီတုန်းက ခင်ဗျားတို့တွေ ရခိုင်တွေကြောင့် ဒုက္ခရောက်နေကြတယ်။ လက်နက်ကိုင်ရမယ်။ ရွာအနီးအနားမှာ တိုက်ပွဲဖြစ်ရင်တောင် မင်းတို့ရွာတွေ တခုခုမဖြစ်စေရဘူး။ ရခိုင်ရွာတွေကိုပဲ ​မီးတိုက်ဖျက်ဆီးမယ်။ ငါတို့တွေနဲ့ ပူးပေါင်းမယ်ဆိုရင် မင်းတို့ကို လက်နက်ထုတ်ပေးမယ်လို့ ဗိုလ်မှူးချုပ်သူရိန်ထွန်းကပြောဆိုသွားတာ။"ဟု ဒေသခံတစ်ဦးက ပြောသည်။

ရက္ခိုင့်တပ်တော်သည် ရသေ့တောင်မြို့အခြေစိုက် စစ်ကောင်စီတပ်၏ ခမရ (၅၃၆)၊ (၅၃၇)နှင့် (၅၃၈)တပ်ရင်းတို့အား တိုက်ခိုက်သိမ်းပိုက်ရာ တွေ့ရှိခဲ့သည့် အလောင်းများတွင် မွတ်ဆလင်တပ်သားအလောင်းအချို့ကိုလည်းတွေ့ရှိခဲ့ကြောင်း ပုံနှင့်တကွ ယမန်နေ့ မတ်လ(၁၉)ရက်နေ့က ဖော်ပြခဲ့သည်။

ရသေ့တောင် အခြေစိုက် တပ်ရင်းများဖြစ်သည့် ခမရ (၅၃၆)၊ (၅၃၇)နှင့် (၅၃၈) တပ်ရင်း (၃)ခုလုံးအား  မတ်လ(၁၇)ရက်၊ ညနေ (၄)နာရီခန့်အချိန်တွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ် သိမ်းပိုက်ရယူခဲ့ခြင်းဖြစ်သည်။ 

စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပစ်ကူ အမြောက်များဖြင့် အပြင်းအထန် ခုခံနေသည့်ကြားမှ အဆိုပါ တပ်ရင်း(၃)ခုလုံးကို နှစ်ပတ်ခန့်ကြာ ထိုးစစ်ဆင် တိုက်ခိုက်အပြီးတွင် သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ စခန်းများအတွင်းမှ စစ်ကောင်စီတပ်သား အင်အား(၂၀၀)ခန့်သည် စစ်သင်္ဘောများဖြင့် ကိုယ်လွတ်ရုန်းထွက်ပြေးလွတ် မြောက်သွားသော်လည်း စစ်မှုထမ်းဥပဒေအား ခုတုံးလုပ်ပြီး စစ်ကောင်စီမှ စစ်သင်တန်းပေးထားသော ဘင်္ဂလီအချို့၏ အလောင်းများ၊ စစ်ကောင်စီတပ်သား အလောင်းများကို တွေ့ရှိခဲ့ရသလို လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။ 

ထို့အပြင် ဘူးသီးတောင်မြို့အတွင်းရှိ စကခ (၁၅)လက်အောက်ခံ၊ ခမရ (၅၅၂)တပ်ရင်းကိုလည်း အပြီးသတ် သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်အား အရှိန်အဟုန်မြှင့်နေသည်ဟု ထုတ်ပြန်ထားသည်။

စကခ (၁၅)လက်အောက်တွင် တပ်ရင်း(၁၀)ရင်းရှိပြီး ၎င်းတပ်ရင်းများမှာ ခမရတပ်ရင်းများဖြစ်သည့် (၃၄၅၊ ၃၅၂၊ ၃၅၃၊ ၅၃၅၊ ၅၃၆(သိမ်းပြီး)၊ ၅၃၇(သိမ်းပြီး)၊ ၅၅၁၊ ၅၅၂(တိုက်ခိုက်နေဆဲ)၊ ၅၆၄၊ ၅၆၅)တို့ဖြစ်သည်။

သိမ်းခံရသည့် စကခ(၁၅) လက်အောက်ခံ ခမရ(၅၃၆)နှင့် (၅၃၇)တို့မှာ ရသေ့တောင်တွင်အခြေစိုက်ပြီး ကျန်တပ်ရင်းများမှာ ဘူးသီးတောင်တွင်အခြေစိုက်ကာ ခမရ(၅၅၂)တပ်ရင်းမှာ တောင်ဘဇားတွင် အခြေစိုက်ထားခြင်းဖြစ်သည်။

ဘူးသီးတာင်နှင့် မောင်တောမြို့တို့ရှိ ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်စခန်းများကို ရက္ခိုင့်တပ်တော်က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်ခြင်း၊ ဝန်းရံပိတ်ဆို့ထားခြင်း၊ ဖြတ်တောက်ထားခြင်းများကို လုပ်ဆောင်နေသည်ဟု AAက သတင်းထုတ်ပြန်ထားသည်။

ဗိုလ်မှူးချုပ်သူရိန်ထွန်းသည် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းခတ်မြို့နယ်၏ အခြေချစစ်ဗျုဟာမှူး၊ ထိုမှတဆင့် ၂၀၂၁ မှ ၂၀၂၂ ခုနှစ်အတွင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးအဖြစ် တာဝန်ယူခဲ့သည်။  

၎င်းသည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့စဉ်က ၂၀၂၂ ခုနှစ် ဇူလိုင်နှင့် ဩဂုတ်လအတွင်း မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်တွင် ပျူစောထီးများအား လက်နက်တပ်ဆင်ပေးခဲ့သည်။ 

ယင်းနှစ် အောက်တိုဘာလတွင် ဘူးသီးတောင်မြို့နယ်သို့ ပြောင်းရွှေ့ရောက်ရှိလာပြီး စကခ(၁၅)၏ စစ်ဆင်ရေးကွပ်ကဲရေးမှူးဖြစ်လာခဲ့သည်။

၎င်းမတိုင်မီ စကခ (၁၅)၏ စစ်ဆင်ရေးကွပ်ကဲရေးမှူးမှာ Tachileik News Agencyက ဖော်ပြခဲ့သည့် ကြည်း/၂၈၂၂၈ ဗိုလ်မှူးချုပ်ကျော်ထင် (စတသ.၃၈) ဖြစ်ပြီး ဗိုလ်မှူးချုပ်ကျော်ထင်မှာ မင်းပြားတိုင်းဗဟို (၉)ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း AA တိုက်ခိုက်သိမ်းပိုက်စဉ် ထွက်ပြေးလွတ်မြောက်သွားသည့် ကျောင်းအုပ်ကြီးဖြစ်သည်။ 

ဗိုလ်မှူးချုပ်ကျော်ထင်သည် လက်ရှိတွင် မကွေးတိုင်း ကပစသို့ ရောက်ရှိနေသည်ဟု တပ်တွင်း သတင်းအရင်းအမြစ်ထံမှ သိရသည်။

#TachileikNewsAgency