လောက်ကိုင်မြို့အနီးရှိ စစ်ကောင်စီတပ်စခန်းကို MNDAA ထိုးစစ်ဆင်တိုက်ခိုက်နေ

လောက်ကိုင်မြို့အနီးရှိ စစ်ကောင်စီတပ်စခန်းကို MNDAA ထိုးစစ်ဆင်တိုက်ခိုက်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ လောက်ကိုင်မြို့အနီးရှိ စစ်ကောင်စီတပ်၏ လေးမျက်နှာစေတီကုန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို MNDAAက ယမန်နေ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၃)ရက်နေ့ကစတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။

ဒီဇင်ဘာလ (၃)ရက်နေ့ နံနက်(၁၀)နာရီခန့်တွင် MNDAAသည် လောက်ကိုင်မြို့အနီးရှိ လေးမျက်နှာစေတီကုန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်နေရာ တိုက်ပွဲပြင်းထန်နေပြီး ယနေ့ ဒီဇင်ဘာလ(၄)ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

အဆိုပါ တပ်စခန်းကို စစ်ကောင်စီက အခိုင်အမာတည်ဆောက်ထားပြီး စစ်ကောင်စီတပ်ဘက်က အင်အားများပြားသဖြင့် တိုက်ပွဲမှာ ဒီဇင်ဘာလ(၃)ရက်နေ့ နံနက်ပိုင်းမှ ညနေပိုင်းအထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းနေ့ညနေပိုင်းတွင် MNDAA တပ်များသည် ထိုးစစ်ဆင်တိုက်ခိုက်မှုကို ရပ်နားခဲ့ပြီး‌နောက် ယနေ့ ဒီဇင်ဘာလ (၄)ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေသဖြင့် ယခုအချိန်ထိ တိုက်ပွဲဖြစ်ပွားနေသည်ဟု သိရသည်။

ထို့အပြင် လောက်ကိုင်၏မြောက်ဘက်ခြမ်း ရှီးရှမ်းဒေသ၊ ရှောက်ကိုင်ရွာအုပ်စုတလျှောက်တွင်လည်း MNDAAသည် ကုန်းကြမ်းမှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

#TachileikNewsAgency