ဖယ်ခုံမြို့နယ် ပီကင်းရွာကို စစ်ကောင်စီဗုံးကြဲ အရပ်သားနှစ်ဦးဒဏ်ရာရ 

ဖယ်ခုံမြို့နယ် ပီကင်းရွာကို စစ်ကောင်စီဗုံးကြဲ အရပ်သားနှစ်ဦးဒဏ်ရာရ 

ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် ပီကင်းကျေးရွာစျေးအနီးကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၇)ရက်နေ့ ညနေပိုင်းတွင် လေကြောင်းမှ ပေါင်(၅၀၀)ဗုံးကြဲရာ စစ်ရှောင်နှစ်ဦးဒဏ်ရာရသည်ဟု သိရသည်။ 

"လမ်းမှာ ဆိုင်ကယ်မောင်းလာတဲ့ လူငယ်တစ်ဦးနဲ့ အဖွားတစ်ဦးဒဏ်ရာရတယ်။ ဆေးရုံပို့ထားရတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။ 

တိုက်လေယာဥ်ဖြင့် ဗုံး (၂)လုံးကြဲချခြင်းဖြစ်ပြီး ပီကင်းစျေးအနီးရှိ နေအိမ်(၅)လုံး ပျက်စီးကာ အသက် (၇၀)ကျော် အရွယ် အဖွားအိုတစ်ဦးနှင့် အသက် (၂၀)အရွယ် လူငယ်တစ်ဦးတို့ ဒဏ်ရာရသည်ဟု သိရသည်။ 

"လမ်းသွားသူ တစ်ယောက် လက်ကိုထိတယ်။ အခုချက်ခြင်းတော့ ဒီအထိ အတည်ပြုပါတယ်။ အိမ်သုံးလုံး ပျက်သွားတယ်။ စျေးနဲ့က ကိုက် ၅၀၀ လောက်ဝေးတယ်။"ဟု ဗုံးကြဲခံရသည့်နေရာသို့ သွားရောက်ခဲ့သူတစ်ဦးက Tachileik News Agency ကို ပြောသည်။

ဒီဇင်ဘာလ (၃)ရက်နေ့ကလည်း ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ ဆိုင်ခွန် (ရှမ်း)ကျေးရွာကို လေယာဥ်မှ ဗုံးကြဲရာ အသက်(၁၃)နှစ်အရွယ် ကလေးတစ်ဦး သေဆုံးရသည်။

တစ်နိုင်ငံလုံးတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် အောက်တိုဘာလ (၁)ရက်နေ့မှ ဒီဇင်ဘာလ (၂၅)ရက်နေ့ထိ အရပ်သား(၁၆၃)ဦး သေဆုံးသည်ဟု နိုင်ငံရေးအကျဥ်သားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန်ထားသည်။

#TachileikNewsAgency

#TNA_MAT

Photo: CJ