ပုဏ္ဏားကျွန်းမြို့ရှိ သမိုင်းဝင် ဦးရာဇ်တော်ဓာတ်စေတီ စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် ပျက်စီး

ပုဏ္ဏားကျွန်းမြို့ရှိ သမိုင်းဝင် ဦးရာဇ်တော်ဓာတ်စေတီ စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် ပျက်စီး

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ရှိ သမိုင်းဝင်အထင်ကရ ဦးရာဇ်တော်ဓာတ်စေတီတော်မှာ စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးထိမှန်၍ ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါစေတီတော်သည် ရခိုင်သမိုင်းစာဆိုတွင် "ဘုရားမှာ မုနိ၊ ပုထိုးမှာ သျှစ်သောင်း၊ စေတီမှာ ဦးရာဇ်"ဟူသည့် စာဆိုရှိပြီး သမိုင်း ဝင်စေတီတစ်ဆူဖြစ်သည်။ 

"ပုဏ္ဏားကျွန်းမြို့ရဲ့အထင်ကရ ဘုရားရှင်ရဲ့ ဦးခွံတော်ဓာတ်ကိုဌာပနာထည့်ပြီး ရခိုင်ဘုရင်အဆက်ဆက် တည်ထားကိုးကွယ်ခဲ့တဲ့ ရှေးဟောင်းသမိုင်းဝင် ဦးရာဇ်တော်ဓာတ်စေတီတော်မြတ်နဲ့ အရံစေတီငယ်တွေ၊ တန်ဆောင်းတွေ ဓမ္မာရုံတွေ၊ ဂေါပကရုံးတွေပါမကျန် လက်နက်ကြီးထိမှန်ပျက်စီးခဲ့ရပါတယ်။ စေတီတော်ကတော့ ပုံမှာမြင်တဲ့အတိုင်း အနည်းငယ် ထိခိုက်ပေမယ့် မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတစ်လုံးကြောင့် စိုးရိမ်နေကြပါတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

ပုဏ္ဏားကျွန်းမြို့ရှိ ခမရ(၅၅၀)တပ်ရင်းကို ရက္ခိုင့်တပ်တော်က တိုက်ခိုက်စဉ်အတွင်း စစ်ကောင်စီတပ်၏ ကြည်း၊ ရေ၊ လေနှင့် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပတ်ခတ်မှုကြောင့် စေတီပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"အခုချိန်မှာ ဘယ်လိုမှ ပြုပြင်နိုင်မှာမဟုတ်သေးဘူး။ ဘာလို့လဲဆိုတော့ စစ်တွေဘက်ကလည်း လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေသေးတယ်။ လေယာဥ်တွေလည်း လာသေးတယ်။"ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

ဦးရာဇ်တော်ဓာတ်စေတီတော်သည် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ ကင်းချောင်းတစ်ဖက်ကမ်းရှိ အမြင့်(၁၈၈)ပေမြင့်သည့် ဦးရာဇ်တောင်တွင်တည်ရှိပြီး စေတီတော်၏ ဉာဏ်တော်အမြင့်မှာ (၁၅၃)ပေနှင့် လုံးပတ်(၄၀၁)ပေရှိကာ စေတီတော်တွင်း ဌာပနာတိုက် ရှစ်ခန်းရှိသည်ဟု စေတီသမိုင်းမှတ်တမ်းများအရ သိရသည်။

ပွင့်တော်မူခဲ့ပြီးသော ဘုရားလေးဆူဖြစ်သည့် ကကုသန်မြတ်စွာဘုရားကို အရှေ့ဘက်ဌာပနာတိုက်၊ ကောဏာဂုံမြတ်စွာဘုရားကို တောင်ဘက် ဌာပနာတိုက်၊ ကဿပမြတ်စွာဘုရားကို အနောက်ဘက်ဌာပနာတိုက်၊ ဂေါတမမြတ်စွာဘုရားကို မြောက်ဘက်ဌာပနာတိုက်၌ ရွှေစင်သွန်းလုပ်ရည်စူး တည်ထားသည့် စေတီဖြစ်သည်ဟု သိရသည်။

အဆိုပါစေတီသည် ရခိုင်ဘုရင် မင်းဗာ၏ သားတော် ဘုရင်မင်းဖလောင်း မြောက်ဦးမြို့မှ အနောက်ဘက်သို့ စစ်ချီပြီးနောက် ကောဇာသက္ကရာဇ်(၉၄၁)ခုနှစ်တွင်တည်ရာ သက္ကရာဇ် (၉၅၃)ခု၊ အေဒီ (၁၅၉၁)ခုနှစ်တွင် ပြီးစီးခဲ့သည်ဟု စေတီ၏ သမိုင်းမှတ်တမ်းများအရ သိရသည်။

ပုဏ္ဏားကျွန်းမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ဖေဖော်ဝါရီလ (၂၁)ရက်နေ့ကစတင်၍ ရက္ခိုင့်တပ်တော်က တိုက်ခိုက်ခဲ့ရာ  မတ်လ (၄)ရက်‌နေ့တွင် အပြီးသတ်သိမ်းနိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်၏ ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်မှုကြောင့် မြို့တွင်းရှိ နေအိမ် (၈၀)ရာခိုင်နှုန်း ပျက်စီးဆုံးရှုံးသွားပြီး လက်ရှိအချိန်ထိ မပေါက်ကွဲသေးသည့် လက်နက်ကြီးများ ကျန်နေသေးကြောင်း သိရသည်။

#TachileikNewsAgency

Photo: Gisspa Luu Htoo