ဟိုင်ဂင်ဆွေးနွေးပွဲသည် ရှမ်းမြောက်ကိစ္စသာပါပြီး ရခိုင်ဒေသနှင့် သက်ဆိုင်မှုမရှိဟု AA ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ပြော

ဟိုင်ဂင်ဆွေးနွေးပွဲသည် ရှမ်းမြောက်ကိစ္စသာပါပြီး ရခိုင်ဒေသနှင့် သက်ဆိုင်မှုမရှိဟု AA ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ပြော

တရုတ်နိုင်ငံက တရားဝင်စေ့စပ်ပေးသည့် ဟိုင်ဂင်ဆွေးနွေးပွဲသည် ရှမ်းမြောက်ကိစ္စသာပါပြီး ရခိုင်ဒေသနှင့် သက်ဆိုင်မှုမရှိဟု ရက္ခိုင့်တော် (AA) ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ယနေ့ ၂၀၂၄ခုနှစ် မတ်လ (၄)ရက်နေ့တွင် ပြုလုပ်သည့် AA သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုကြောင့် တရုတ်နိုင်ငံ ကူးမင်းမြို့တွင်ဆွေးနွေးနေသည့် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်(၃)ဖွဲ့တို့၏ ဟိုင်ဂင်ဆွေးနွေးပွဲနှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာတွင် သတင်းအမျိုးမျိုး ပျံ့နှံ့နေသည့်အပေါ် ဒေါက်တာညိုထွန်းအောင်က ယခုကဲ့သို့ ပြောဆိုလာခြင်းဖြစ်သည်။

“အဓိကတော့ ရှမ်းမြောက်ကိစ္စကိုပဲ၊ ရှမ်းမြောက်မှာ အပစ်အခတ်ရပ်စဲရေးကို ဇန်နဝါရီ(၁၁)နောက်ပိုင်းကစလို့ အတိုင်းအတာတစ်ခုအထိ ရပ်စဲသွားပြီဆိုတော့ လောလောဆယ်ကတော့ ဟိုင်ဂင်က ရှမ်းမြောက်ကိစ္စလို့ ပြောလို့ရတယ်။ ရခိုင်ဒေသမှာတော့ လက်ရှိမြင်တဲ့အတိုင်းပါပဲ။ ကျွန်တော်တို့ ဟိုင်ဂင်ကိစ္စကိုပဲ ဆွေးနွေးတယ်ဆိုတော့ ဟိုင်ဂင်ထဲမှာက ရှမ်းမြောက်မှာရှိတဲ့ AAနဲ့ပဲ သက်ဆိုင်နေတယ်။ ရခိုင်ပြည်ဘက်မှာရှိတဲ့ AA ကမပါသေးဘူး။”ဟု ဒေါက်တာညိုထွန်းအောင်ကပြောသည်။

အဆိုပါဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်စဲရေး ပိုမိုခိုင်မာရေးဆက်လက်လုပ်ဆောင်နေပြီး တရုတ်-မြန်မာနယ်စပ်ကိစ္စ၊ ကျားဖြန့်လုပ်ငန်းကိစ္စများကို အဓိကဆွေးနွေးခဲ့ကာ ရှမ်းမြောက်ရှိ တအာင်းတပ်မတော်(TNLA)၊ ကိုးကန့်တပ်(NMDAA)တို့ကို အစိုးရအဖြစ် အသိအမှတ်ပြုပေးခြင်း၊ နယ်စပ်ကုန်သွယ်မှုမှရရှိသည့် ငွေကြေးများကို စစ်ကောင်စီထံ (၃၀)ရာခိုင်နှုန်းပေးရေးစသည့် အချက်များမပါဝင်ဟုဆိုသည်။ 

“နယ်စပ်ဒေသထွက်ပေါက်တွေ ဘယ်လိုပုံစံမျိုးနဲ့ထွက်မလဲ။ အဲဒီအချက်အလက်တွေပါတယ်။ ရာခိုင်နှုန်းကိစ္စ‌တွေကိုတော့ ကျွန်တော်တို့ဆွေးနွေးတာမရှိသေးပါဘူး။ အဲဒါကိုတော့ ကျွန်တော်ပြောလို့ရတယ်။ အစည်းဝေးပါ ဆုံးဖြတ်ချက်၊ အစည်းပါအချက်အလက်တွေကို ပြောဖို့မရှိပေမယ့် တချို့ကိစ္စတွေကိုတော့ ပြောသင့်လို့ထင်တဲ့အတွက်ကြောင့် ပြောရခြင်းဖြစ်ပါတယ်။”ဟု ဒေါက်တာညိုထွန်းအောင်က ပြောသည်။ 

စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်(၃)ဖွဲ့တို့အကြား ဟိုင်ဂင်သဘောတူညီချက်ကို ဆက်လက်ဆွေးနွေးနေပြီး ဆွေးနွေးနေသည့်အထဲတွင် စစ်ကောင်စီနှင့် တစ်ဖွဲ့ချင်း ဆွေးနွေးရမည့် ကိစ္စရပ်များအပြင် တရုတ်နိုင်ငံကဖြစ်စေချင်သည့် အပစ်အခတ်ရပ်စဲရေး ပိုမိုခိုင်မာစေရေး အချက်အလက်တွေကိုသာ ဆွေးနွေးခဲ့သည်ဟု သိရသည်။

 

ထို့အပြင် ဒေါက်တာညိုထွန်းအောင်က ပြီးခဲ့သည့်လများက စစ်ကောင်စီတပ်လော်ဘီများ၏ မဟုတ်၊ မမှန် သတင်းမှားဖြန့်ဝေနေသည့် ၎င်းသေဆုံးမှုအကြောင်းကို လူကိုယ်တိုင်ဖြေရှင်းလိုသဖြင့် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ရက္ခိုင့်တပ်တော်က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်ကာ ဆက်လက်တိုက်ခိုက်သွားမည်ဟုလည်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောဆိုသည်။

#TachileikNewsAgency