ကျောက်တော်အခြေစိုက် ခမရ (၃၇၄) တပ်ရင်းတစ်ခုလုံးအား ရက္ခိုင့်တပ်တော်‌သိမ်း

ကျောက်တော်အခြေစိုက် ခမရ (၃၇၄) တပ်ရင်းတစ်ခုလုံးအား ရက္ခိုင့်တပ်တော်‌သိမ်း
ဇန်နဝါရီ 31, 2024 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ် ကျောက်တော်အခြေစိုက် ခမရ (၃၇၄) တပ်ရင်းတစ်ခုလုံးအား ရက္ခိုင့်တပ်တော်မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃၀)ရက်နေ့တွင် အပြီးသတ်သိမ်းယူရရှိခဲ့ကြောင်း AAက သတင်းထုတ်ပြန်သည်။

အဆိုပါတပ်ရင်းကို စစ်ကောင်စီ၏ လေကြောင်းမှ တစ်ရက်လုံး အဆက်မပြတ် မရပ်မနား ပစ်ခတ်တိုက်ခိုက်နေသည့်ကြားမှ အပြီးသတ် သိမ်းပိုက် ရယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မင်းပြားမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်၏ စကခ (၉) လက်အောက်ခံ ခမရ (၃၈၀)တပ်ရင်းကိုလည်း AAက တိုက်ခိုက်နေရာ စစ်ကောင်စီတပ်က  ကြည်း၊ ရေ၊ လေဖြင့် အပြင်းအထန် ခုခံကာကွယ်နေသည့်ကြားမှ ဇန်နဝါရီလ (၂၈)ရက်နေ့တွင် ရက္ခိုင့်တပ်တော်က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။

ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့များမှ ကျန်ရှိနေသေးသော တပ်ရင်းများကိုလည်း အပြီးသတ် သိမ်းပိုက်နိုင်ရေးအတွက် ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်‌နေသည်ဟုလည်း ဆိုသည်။

ရမ်းဗြဲမြို့တွင်မူ ယခုရက်သတ္တပတ်အတွင်း စစ်ကောင်စီမှ လေကြောင်း၊ လက်နက်ကြီးများဖြင့် အဓိက ပစ်ခတ်ဖျက်ဆီးပြီး တစ်မြို့လုံးအား ပျက်စီးစေရန် ပြုလုပ်နေသည်ဟု ထုတ်ပြန်ထားသည်။ 

ရမ်းဗြဲမြို့သို့ ထပ်မံဖြည့်တင်းလာသော စစ်ကောင်စီ၏ စစ်အင်အား (၁၂၀)ကျော်နှင့် ယခင်ရှိနှင့်ပြီးသား လက်ကျန်တပ်ဖွဲ့ဝင်အချို့ ပူးပေါင်းသော စစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော်တို့ ယမန်နေ့ကစတင်ကာ မြို့တွင်းတိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

တိုက်ပွဲအတွင်း နှစ်ဖက်အထိအခိုက် အကျအဆုံးရှိခဲ့ပြီး စစ်ကောင်စီ၏ အလောင်း၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတစ်ချို့အပြင် လေကြောင်းမှ ချပေးသော လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။ 

နှစ်ပေါင်းများစွာကြာအောင် ဒုက္ခပေးနေခဲ့သော စစ်ကောင်စီ၏ တပ်စခန်းတိုင်းနှင့် လက်နက်ချ အညံ့မခံဘဲ ပြည်သူများကို ဒုက္ခပေးနေသည့် ကျန်ရှိနေသေးသော စခန်းတိုင်းကို တစ်စခန်းမကျန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဟု AAက ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: AA Info Desk