နတ်သံကွင်းမြို့သို့ စစ်ကူလာသည့် စစ်ကောင်စီတပ် တင့်ကားတစ်စီးနှင့် သံချပ်ကာကားတစ်စီး မိုင်းမိကာပျက်စီး

နတ်သံကွင်းမြို့သို့ စစ်ကူလာသည့် စစ်ကောင်စီတပ် တင့်ကားတစ်စီးနှင့် သံချပ်ကာကားတစ်စီး မိုင်းမိကာပျက်စီး
ဇန်နဝါရီ 17, 2024 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း နတ်သံကွင်းမြို့သို့ ပဲနွယ်ကုန်းမြို့မှ စစ်ကူလာသည့် စစ်ကောင်စီတပ်၏ တင့်ကားနှင့် သံချပ်ကာကားပါ ယာဉ်တန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ တင့်ကားတစ်စီးနှင့် သံချပ်ကာကားတစ်စီးတို့ ပျက်စီးသွားကြောင်း KNUဗဟိုက ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၁၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါစစ်ကောင်စီတပ်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့ နံနက်ပိုင်းတွင် တင့်ဖျက်မိုင်း(၁)လုံး၊ ဇန်နဝါရီလ (၅)ရက်နေ့တွင် တစ်လုံး၊ ဇန်နဝါရီလ (၆)ရက်နေ့တွင် (၁)လုံး စုစုပေါင်း တင့်ဖျက်မိုင်း (၃)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်၏ တင့်ကား(၁)စီးမှာ မိုင်းပေါက်ကွဲမှုကြောင့် ပက်လက်လှန်ပျက်စီးသွားပြီး သံချပ်ကာကားမှာ ရှေ့ပိုင်းတစ်ပိုင်းလုံး ပျက်စီးသွားကာ ပဲနွယ်ကုန်းမြို့အတွင်းသို့ ကရိန်းကားများဖြင့် ဆွဲယူသွားကြကြောင်း သိရသည်။

ကော်သူးလေအုပ်ချုပ်နယ်မြေ ခရိုင်(၇)ခုအတွင်း လက်ရှိအချိန်တွင် နေစဉ်ရက်ဆက် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်များအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(K.N.L.A)မှ ဦးဆောင်ကာ တိုက်ခိုက်နေသည်ဟု ဆိုသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(K.N.L.A)နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)တို့သည် ကရင်အမျိုးသားများ၏ လွတ်မြောက်ရေးအတွက်သာမက ဘဝတူအဖိနှိပ်ခံ တိုင်းရင်းသားပြည်သူလူထုများနှင့် တစ်သားတည်းရပ်တည်ကာ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်အားလုံးပပျောက်ရေးအတွက် ရှေ့ဆုံးမှဦးဆောင်တိုက်ပွဲဝင်နေသည်ဟုလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency