ရေတာရှည် မရိုးခုံရွာတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်က နေအိမ် ၄၀ ကျော်ကို မီးရှို့

ရေတာရှည် မရိုးခုံရွာတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်က နေအိမ် ၄၀ ကျော်ကို မီးရှို့
ဇန်နဝါရီ 5, 2024 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း ရေတာရှည်မြို့နယ် မရိုးခုံကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က နေအိမ်များကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၅)ရက်နေ့က စစ်ကောင်စီတပ်နှင့် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အမှတ် (၁)တပ်ရင်း၊ (RV) စစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် RV စစ်ကြောင်းက နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသည့် နေအိမ် (၄၂)လုံးနှင့် မီး လောင်ကျွမ်းမှုမရှိသော အိမ်များတွင်လည်း စစ်ကောင်စီတပ်သားများက မွှေနှောက်ရှာဖွေဖျက်ဆီးထားမှုများကို တွေ့ရှိခဲ့ရသည်ဟု သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်အသုံးအဆောင်များ၊ ဆက်သွယ်ရေးသုံး ဘက်ထရီအိုး(၂)လုံး၊ ကျည်အချို့၊ ကျည်ဘောက်တစ်ခုတို့ကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု RVစစ်ကြောင်းက ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၅)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။  

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အမှတ်(၁)တပ်ရင်းသည် ပဲခူးရိုးမအနောက်ခြမ်း အုတ်တွင်း၊ တောင်ငူ၊ ရေတာရှည်၊ ဆွာနှင့် ကိုးပင်၊ သာဂရ၊ အမြန်လမ်းသစ်ပိုင်းနယ်မြေအတွင်း လှုပ်ရှားနေသည့် စစ်ကြောင်းဖြစ်သည်။

#TachileikNewsAgency

Photo: တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းအမှတ် - ၃၅၀၁