ခါမ်းပါတ်မြို့ကို ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် အကျအဆုံးများစွာဖြင့် ထွက်ပြေး၊ တော်လှန်ရေးတပ်များက လက်နက်ခဲယမ်းများစွာသိမ်းဆည်းရရှိထားပြီး ထွက်ပြေးစစ်ကောင်စီတပ်ကို လိုက်လံဖမ်းဆီးနေ

ခါမ်းပါတ်မြို့ကို ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် အကျအဆုံးများစွာဖြင့် ထွက်ပြေး၊ တော်လှန်ရေးတပ်များက လက်နက်ခဲယမ်းများစွာသိမ်းဆည်းရရှိထားပြီး ထွက်ပြေးစစ်ကောင်စီတပ်ကို လိုက်လံဖမ်းဆီးနေ

စစ်ကိုင်းတိုင်း တမူးခရိုင် ခါမ်းပါတ်မြို့ကို ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်၏ တပ်မ(၇၇)လက်အောက်ခံတပ်များ အကျအဆုံးများစွာဖြင့် ထွက်ပြေးသွားပြီး စစ်ကောင်စီတပ်၏ လက်နက် အလက်(၂၀)ဝန်းကျင် ရရှိထားပြီး ထွက်ပြေး စစ်ကောင်စီတပ်သားများကို လိုက်လံဖမ်းဆီးနေသည်ဟု တော်လှန်ရေးတပ်များထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၇)ရက်နေ့က သိမ်းယူထားသည့် ခါမ်းပါတ်မြို့ကို စစ်ကောင်စီတပ်က အင်အား(၂၀၀) ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာပြီးနောက် တိုက်ပွဲများ ပြင်းထန်နေကာ ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၆)ရက်နေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများစွာ သေဆုံးနေသည်ကို တွေ့ရသည်။

“အကျအဆုံးများပြီး ပြန်ဆုတ်သွားတယ်။ သူတို့မြို့တွင်းက တပ်စခန်းမှာ တပ်မစွဲနိုင်ဘဲ ပြန်ဆုတ်သွားကြတာ။ သူတို့ဘက်က အကျအဆုံးတော့များတယ်။ ဘယ်လောက်ကျတယ်။ လက်နက်ခဲယမ်းတွေ ဘယ်လောက်ရတယ်ဆိုတာ မသိရသေးဘူး။”ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

ခါမ်းပါတ်မြို့အတွင်းရှိ စာသင်ကျောင်း၊ တပ်စခန်းတို့တွင် တပ်စွဲခဲ့သည့် စစ်ကောင်စီတပ်များအကုန်လုံး တောတွင်းသို့ ထွက်ပြေးသွားသဖြင့် ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့များက လိုက်လံဖမ်းဆီးနေသည်ဟု သိရသည်။ 

“ဒီနေ့မနက်မှာ စစ်ကောင်စီတပ်တွေ ဖရိုဖရဲထွက်ပြေးလို့ လိုက်ဖမ်းနေတာ။ အခုတော့ စစ်ကောင်စီတပ်သားတစ်ဦးကို ဖမ်းဆီး ရမိထားတယ်။ လေယာဉ်ကတောက်လျောက်လာပစ်နေတယ်။ ကလေးမြို့မှာလည်း ရဟတ်ယာဉ်နဲ့ စစ်ကူချပေးနေတယ်။ တမူးမြို့ ပန်းသာနားမှာတော့ နှစ်ဖက်စစ်ရေးတင်းမာနေတယ်။ ကျွန်တော်တို့ ဒရုန်းနဲ့ ဗုံးကြဲချတာကိုပဲ စစ်ကောင်စီတပ်ဘက်က တော်တော်များများသေတယ်။ မြို့တွင်းမှာ တပ်မစွဲနိုင်ဘဲ ထွက်ပြေးသွားတာ။ တပ်ပေါင်းစုတွေက ဝိုင်းဝန်းတိုက်ထုတ်နေတာ။”ဟု အမျိုးသားလွတ်မြောက်ရေးတပ်မတော်(NLA)မှ တာဝန်ရှိသူ တစ်ဦးက Tachileik News Agencyကိုပြောသည်။ 

စစ်ကောင်စီတပ်များ၏ စစ်ကြောင်းထိုးခြင်း၊ တိုက်ပွဲများဖြစ်နေခြင်းကြောင့် ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် အခြေအနေအသေးစိတ်ကိုမူ မသိရသေးပါ။

#TachileikNewsAgency