ရေတာရှည်မြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းတို့ဖြစ်ပစ်ခတ် အရပ်သားနှစ်ဦး ဒဏ်ရာရကာ နေအိမ်များပျက်စီး

ရေတာရှည်မြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းတို့ဖြစ်ပစ်ခတ် အရပ်သားနှစ်ဦး ဒဏ်ရာရကာ နေအိမ်များပျက်စီး

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးစထိမှန်၍ အရပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နို၀င်ဘာလ(၁၇)ရက်နေ့က ဆွာမြို့၊ ခမရ (၁၉)တပ်မှ ပစ်ခတ်လိုက်သော (၁၂၀)မမ လက်နက်ကြီးသည် ဆွာရွာမကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာအရှေ့ဘက် ဘုန်းကြီးကျောင်းအနီး ကျရောက်ပေါက်ကွဲခဲ့ရာ အရပ်သား(၂)နှစ်ဦး လက်နက်ကြီးစ ထိမှန်ခဲ့ကြောင်း သိရသည်။

ထိမှန်ခဲ့သော အရပ်သားများမှာ ဦးသိန်း၀င်း အသက်(၄၀)၀န်းကျင်(လက်အပေါ်ယံထိ)၊ ကိုကြီးကျော် အသက်(၃၀)ကျော် (ပေါင်အပေါ်ယံထိ) တို့ဖြစ်ကြီး အသက်(၅)နှစ်အရွယ် ကလေးတစ်ဦးမှာ သတိမေ့သွားကြောင်း သိရသည်။ 

ထို့အပြင် ယင်းနေ့တွင်ပင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်၊ ‌တိုက်လေယာဉ်များဖြင့် ပိတောက်ကုန်းကျေးရွာအတွင်းသို့ ဗုံးကြဲ တိုက် ခိုက်ခဲ့ခြင်းကြောင့် နေအိမ်များ ပျက်စီးခဲ့ရကြောင်း သိရသည်။

နို၀င်ဘာလ (၁၈)ရက်နေ့တွင် စစ်ကောင်စီတပ်များသည် ဆွာရွာမကျေးရွာအတွင်း ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတွင် အင်အား (၅၀)ခန့်ဖြင့် တပ်စွဲထားကြောင်း သိရသည်။

#TachileikNewsAgency

Photo : တောင်ငူခရိုင် ပြည်သူ့ ကာကွယ်ရေးအဖွဲ့