ရာသီဥတုပူပြင်းပြီး ခြင်များပေါသည့် နေပြည်တော်တွင် ကယ်ဆယ်ရေးလုပ်ပေးသဖြင့် ကျေးဇူးတင်ကြောင်း တရုတ်ကယ်ဆယ်ရေးအဖွဲ့ကို စစ်ကောင်စီသံအမတ်ဆို

ရာသီဥတုပူပြင်းပြီး ခြင်များပေါသည့် နေပြည်တော်တွင် ကယ်ဆယ်ရေးလုပ်ပေးသဖြင့် ကျေးဇူးတင်ကြောင်း တရုတ်ကယ်ဆယ်ရေးအဖွဲ့ကို စစ်ကောင်စီသံအမတ်ဆို
ဧပြီ 11, 2025 | အခြားဒေသများ

ရာသီဥတုပူပြင်းပြီး ခြင်များပေါသည့် ဒေသတွင် ငလျင်ကယ်ဆယ်ရေးလုပ်ခဲ့သဖြင့် ကျေးဇူးတင်ကြောင်း စစ်ကောင်စီ၏ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးတင်မောင်ဆွေက တရုတ်ကယ်ဆယ်ရေးသမားများကို ကျေးဇူးတင်စကား ပြောဆိုသည်။

၂၀၂၅ ခုနှစ် ဧပြီလ(၉)ရက်နေ့ နံနက်ပိုင်းက တရုတ်လေတပ် Y-20 လေယာဉ် (၄)စင်းဖြင့် နေပြည်တော်မှ တရုတ်နိုင်ငံကိုပြန်သည့် ယူနန်ပြည်နယ်မှ ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့ဝင် (၃၇)ဦးကို မြန်မာသံအမတ်က ကျေးဇူးတင်စကား ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ရာသီဥတုပူပြင်းပြီး အမြင့်ဆုံးနေ့ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်နှင့် အထက်ရှိကာ ခြင်များပေါများသည့် မြေငလျင်ဘေးသင့်နေရာများ၌ ယခုကဲ့သို့ အပင်ပန်းခံ၊ ဇွဲရှိရှိဖြင့် ကြိုးစားကူညီဆောင်ရွက်ပေးခဲ့သည့်အတွက် ကယ်ဆယ်ရေးအဖွဲ့ဝင်အားလုံးအား မြန်မာနိုင်ငံတော်အစိုးရ ကိုယ်စား၊ မြန်မာ ပြည်သူများကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း”ဟု တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးတင်မောင်ဆွေက ပြောဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ် ကျရောက်ပြီး ခက်ခဲနေသည့်အချိန်၌ တရုတ်သမ္မတရှီကျင့်ဖျင်၏ ဦးဆောင်မှုနှင့်အတူ ကူညီထောက်ပံ့ပေးခဲ့သော အကြီးအကဲများ၊ သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများ၊ လုပ်ဖော်ကိုင်ဖက်များအားလုံးကို ကျေးဇူးတင်သည်ဟုလည်း ပြောဆိုသည်။

စစ်ကောင်စီအုပ်ချုပ်ရာ နေပြည်တော်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ကယ်ဆယ်ရေးသမားများ တရုတ်နိုင်ငံ ပေကျင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အရောက်တွင် တရုတ်အစိုးရ တာဝန်ရှိသူများနှင့် စစ်ကောင်စီသံအမတ်တို့က အခမ်းအနားဖြင့် ကြိုဆိုခဲ့ကြခြင်းဖြစ်သည်။

#TachileikNewsAgency

Photo:Ministry of Foreign Affairs Myanmar