အာရှလမ်းမကြီးပေါ်တွင် အောင်ဇေယျစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေ

အာရှလမ်းမကြီးပေါ်တွင် အောင်ဇေယျစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေ
အောက်တိုဘာ 29, 2024 | 2021 Military Coup| အခြားဒေသများ

ကရင်ပြည်နယ် ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးပေါ်တွင် အောင်ဇေယျစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသထံမှ သိရသည်။

ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးတွင် တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထားရာ လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ရန် စစ်ကူတက်လာသော စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့တို့ ၂၀၂၄ခုနှစ် အောက်တိုဘာ (၂၇)ရက်နေ့အထိ တိုက်ပွဲ ဆက်လက် ပြင်းထန်နေခြင်းဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ (၂၇)ရက်နေ့တိုက်ပွဲတွင် MA-1 (၂)လက်နှင့် ခဲယမ်းအချို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ထပ်မံသိမ်းဆည်းရမိခဲ့ပြီး လက်ရှိအချိန်တွင် အောင်ဇေယျစစ်ကြောင်းအနေဖြင့် သေဆုံးဒဏ်ရာရရှိမှုနှင့် လက်နက်ခဲယမ်းဆုံးရှုံးမှုများပြားသဖြင့် စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူနှင့် လေယာဉ်ပစ်ကူများ ဆက်တိုက်လုပ်‌ဆောင်နေရကြောင်း သိရသည်။

တိုက်ပွဲများအတွင်း ပူးပေါင်းတပ်ဖွဲ့ဘက်မှ တပ်ဖွဲ့ဝင် (၇)ဦး (မစိုးရိမ်ရ)ထိခိုက်ဒဏ်ရာရရှိသည်ဟု ဖော်ပြထားသည်။

အောင်ဇေယျစစ်ကြောင်းအား ခုခံတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် ၃၊ ဗျူဟာ ၃၂ ကော်ဘရာစစ်ကြောင်း ၁၊ ကော်ဘရာ စစ်ကြောင်း ၂၊ ကျားသစ်နက်စစ်ကြောင်း၊ရောင်နီ(တောင်ပိုင်းဒရုန်းအထူးတပ်ဖွဲ့)၊ Golden Eagle ဒရုန်းတပ်ဖွဲ့ နှင့် KNU-KNLA၊ Federal Wings ၊ Justice Wings၊ Fixed Wings တို့ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: စစ်ကောင်စီယာဥ်တန်း (ပုံဟောင်း)