ထီးချိုင့်တွင် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က မြို့ပေါ်ရပ်ကွက်များကို ဗုံးကြဲသဖြင့် နေအိမ်များ ပျက်စီးကာ ဒေသခံတချို့ပိတ်မိနေ

ထီးချိုင့်တွင် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က မြို့ပေါ်ရပ်ကွက်များကို ဗုံးကြဲသဖြင့် နေအိမ်များ ပျက်စီးကာ ဒေသခံတချို့ပိတ်မိနေ
နိုဝင်ဘာ 10, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့တွင် ယနေ့ နိုဝင်ဘာလ(၁၀)ရက်နေ့ ညနေပိုင်းအထိ တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်၏ လေကြောင်း ပစ်ခတ်မှုအပြင် လက်နက်ကြီးပစ်ခတ်မှုများကြောင့် နေအိမ်များ ပျက်စီးကာ ပိတ်မိနေသူများရှိနေကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ထံမှ သိရသည်။

ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ(၁၀)ရက်နေ့တွင် စစ်ကောင်စီတပ်သည် ထီးချိုင့်မြို့ပေါ် ရပ်ကွက်(၄)ခုလုံးနှင့် အနီးရှိ ကျေးရွာများကို လေကြောင်းမှ (၈)ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်နေပြီး နေအိမ် အများအပြား ပျက်စီးသွားပြီ ဖြစ်ကြောင်း သိရသည်။

“အခြေနေက ဆိုးရွားနေဆဲပါ။ မြို့ပေါ် အိမ်အများစု လက်နက်ကြီးဒဏ်၊ ဗုံးဒဏ်ကြောင့် ပျက်စီးနေသလို မြို့ တွင်းပိတ်မိနေတဲ့ ပြည်သူအချို့အတွက်လည်း အသက်အန္တရာယ် စိုးရိမ်ရပါတယ်။ စစ်တပ်က ကိုယ့်လူသူ့ဘက် မခွဲဘဲ ပစ်ခတ်နေလို့ပါ။”ဟု ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်မှုများကြောင့် ထီးချိုင့်မြို့ပေါ် (၄) ရပ် ကွက်လုံးနှင့် လမ်းမကြီးဘေးရှိ နေအိမ်များပျက်စီးနေပြီး လူထိခိုက်သေဆုံးမှုကိုမူ အသိရသေးဟု ဆိုသည်။

“မနေ့က စစ်တပ်ကသတ်လို့ ဆန်ဆိုင်ပိုင်ရှင် အဖိုးတစ်ဦးသေတယ်။ မြို့ပေါ်က မြို့အလွတ်ကြီးလိုဖြစ်နေတော့ ဒီနေ့တော့ အသေပျောက် သတင်းမကြားမိသေးဘူး။”ဟုလည်း ၎င်းကဆက်ပြောသည်။

တိုက်ပွဲကြောင့် ဒေသခံအများစုမှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဖုန်းလိုင်းအဆက်အသွယ်ပြတ်တောက်နေကာ ထီးချိုင့်မြို့အား တော်လှန်ရေးတပ်များက သိမ်းပိုက်နိုင်သည်ဆိုသည့်သတင်းမှာ သတင်းမှားဖြစ်ပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီတပ်များသည် ထီးချိုင့်မြို့အနီးရှိ ဇီးကုန်း။ မြတောင်ရွာများအား စခန်းတည်ကာ လက်နက်ကြီး များဖြင့် မြို့တွင်းကိုပစ်ခတ်နေသည်ဟု သိရသည်။  



တိုက်ပွဲပြင်းထန်နေသောကြောင့် အင်းတော် - ထီးချိုင့် - တကောင်း လမ်းပိုင်းကို စစ်ရေးအရ ယာဉ်ဖြတ်သန်း သွားလာခွင့်လည်း တော်လှန်ရေးတပ်ဖွဲ့များက ပိတ်ထားကြောင်း သိရသည်။

ထီးချိုင့်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ပြီးခဲ့တဲ့ အောက်တိုဘာလ(၃၀)ရက်ကစတင်ကာ တော်လှန်ရေးတပ် များက တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီ၏ ဌာနဆိုင်ရာဝန်ထမ်းများလည်း ထွက်ပြေးနေကြရသည်ဟု သိရ သည်။