ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကောစ်ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းအမှတ်(၉) ဘာလူခါလီတွင် ၂၀၂၃ခုနှစ် ဩဂုတ်လ (၇)ရက်နေ့ ညနေပိုင်းက မြေပြိုကျကာ နေအိမ်(၆)လုံးပျက်စီးပြီး မိသားစုတစ်စု မြေပိကာ မိခင်နှင့်အတူ ကလေးတစ်ဦး သေဆုံးသွားကြောင်း သိရသည်။
ယမန်နေ့ ညနေ(၄)နာရီခွဲဝန်းကျင်တွင် မိုးသည်းထန်းစွာရွာပြီးနောက် မြေပြိုကျကာ တောင်ခြေတွင် ဆောက်ထားသည့် တဲအိမ်ကို မြေပိသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"မြေပြိုချိန်အိမ်မှာ ကလေး(၃)ဦးနဲ့ သူတို့ရဲ့အမေ စုစုပေါင်း(၄)ဦးရှိခဲ့တယ်။ သားကြီး(၂)ယောက်က ဒဏ်ရာရပြီး ဆေးရုံတင်ခဲ့ရတယ်။ အသက်ရှင်နေတယ်။ အမေနဲ့ ကလေးအငယ်ဆုံးက မြေအောက်မှာ (၂)နာရီတိတိ ရှိခဲ့တော့ အသက်မရှိတော့ဘူး။"ဟု ဘာလူခါလီ ဒုက္ခသည်တစ်ဦးက Tachileik News Agencyကို ပြောသည်။
မြေပိ၍ သေဆုံးသွားသူ(၂)ဦးကို ဆယ်ယူရရှိထားပြီး ရဲစခန်းမှတဆင့် ခွဲစိတ်စစ်ဆေးချက်ရယူရန် ကောစ်ဘဇားရှိ ဆာဒါ(Sadar)ဆေးရုံကို ပို့ဆောင်ထားကြောင်း သိရသည်။
"ညီညာပြန့်ပြူးတဲ့ နေရာမှာဆို ရေကြီးရေလျှံဖြစ်တယ်။ တောင်ပေါ်မှာရှိတဲ့အိမ်တွေ မြေပြိုတယ်။ ရေကြီးပြီး ပျက်စီးသွားတဲ့ အိမ်တွေ ရာနဲ့ ချီပြီးရှိတယ်။ ရေက ဒုက္ခသည်စခန်းအပြင်က ဝင်လာတဲ့ စမ်းချောင်း တစ်စင်းရှိတယ်။ အဲဒီကနေဝင်တာ။"ဟု ၎င်းကဆက်ပြောသည်။
မိုးရေချိန်များခြင်းကြောင့် အဆိုပါဒုက္ခသည်စခန်းအတွင်းသို့ ရေဝင်ရောက်နေပြီး အိမ်ခြေ(၅၀၀)ကျော် ပျက်စီးကာ ဒုက္ခသည်များမှာ ရေဘေးသင့်နေကြောင်းလည်း သိရသည်။
#TachileikNewsAgency