ဆွာမြို့ရှိ လောင်းကစားဝိုင်းအား စစ်ကောင်စီက၀င်ဖမ်းရာ လောင်းကစားလုပ်နေသည့် စခန်းမှူးပါထွက်ပြေး

ဆွာမြို့ရှိ လောင်းကစားဝိုင်းအား စစ်ကောင်စီက၀င်ဖမ်းရာ လောင်းကစားလုပ်နေသည့် စခန်းမှူးပါထွက်ပြေး

ပဲခူးတိုင်း ရေတာရှည်မြို့နယ် ဆွာမြို့တွင် ၂၀၂၃ခုနှစ် ဇူလိုင် (၂၂)ရက်နေ့ ညနေပိုင်းက လောင်းကစားဝိုင်း တစ်ခုကို စစ်ကောင်စီတပ်က  လာရောက်ဖမ်းဆီးခဲ့ရာ လောင်းကစားလုပ်နေသည့် ဆွာမြို့ရဲစခန်းမှူးပါ ထွက်ပြေးခဲ့ရသည်ဟု Yedashe Township Information ကဖော်ပြထားသည်။

ဆွာမြို့၊ ငါးကြီးကွေ့ကျေးရွာအုပ်စု၊ ထောက်ကြန့်ကွင်းကျေးရွာ၊ အမှတ်(၆၀) သစ်စက်ဟောင်းမြောက်ဘက် သရက်တောအုပ်အတွင်းရှိ လောင်းကစားဝိုင်းတစ်ခုအား ဆွာမြို့၊ တောင်ကြားအမြှောက်တပ်(လေကြောင်းရန်ကာကွယ်ရေး)မှ လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လာရောက်ဖမ်းဆီးချိန်တွင် ဆွာနယ်မြေရဲစခန်းမှူးကိုယ်တိုင် လောင်းကစားဝိုင်းအတွင်း ပါဝင်ကစားနေခဲ့ခြင်းကြောင့် ၎င်းပါ ထွက်ပြေးခဲ့ရသည်ဟု သိရသည်။

အဆိုပါလောင်းကစားဝိုင်းမှ ဆိုင်ကယ်အစီး(၆၀)ခန့်နှင့် ငွေသားများစွာကိုပါ စစ်ကောင်စီတပ်က သိမ်းဆည်းသွားခဲ့ပြီး ဆိုင်ကယ်များအား ပြန်လိုချင်ပါက ကာလတန်ဖိုး၏ တစ်ဝက်ပေးချေရမည်ဟု ပြောဆိုကြောင်း သိရသည်။

အဆိုပါလောင်းကစားဝိုင်းတွင် ဆွာမြို့ရဲစခန်းမှ ရဲများအား မကြာခဏ တွေ့ရလေ့ရှိသည်ဟု ဆိုသည်။

#TachileikNewsAgency