စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်နှင့် ဝက်လက်မြို့နယ်တို့ရှိ ကျေးရွာ (၄)ရွာကို စစ်ကောင်စီတပ်စစ်ကြောင်းက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ(၁၆၀)ကျော် ပျက်စီးပြီး အရပ်သား (၄)ဦး သတ်ဖြတ်ခံရကြောင်း သိရသည်။
အင်အား (၁၀၀)ဝန်းကျင် ပါရှိသည့် စစ်ကောင်စီတပ်သည် ဇူလိုင်လ (၁၀)ရက်နေ့မှစတင်ကာ အဆိုပါ ရွာ(၄)ရွာကို စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်ပြီး ဒေသကာကွယ်ရေးတပ်များနှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့သေးသည်ဟု သိရသည်။
စစ်ကောင်စီတပ်သည် ဇူလိုင်လ(၁၀)ရက်နေ့တွင် လှတောမှတဆင့် ဝက်လက်ရွာ၊ ဇူလိုင်လ(၁၂)ရက်နေ့တွင် ဝက်လက်မှတဆင့် သာလိုင်းရွာ၊ ဇူလိုင်လ(၁၃)ရက်နေ့တွင် သာလိုင်းရွာမှ သုံးဆင့်ကန်ရွာ၊ ဇူလိုင်လ(၁၄)ရက်နေ့တွင် သုံးဆင့်ကန်မှ ထန်းကြီး(ခ)ထက်ကြီးရွာအပြင် ခက်ခရွာကိုပါ ဝင်ရောက်စစ်ကြောင်းထိုးသွားခြင်းဖြစ်ကြောင်း သိရသည်။
"တိုက်ပွဲ အနည်းငယ်ပဲ ဖြစ်တာဗျ။ လက်နက်အင်အား မမျှလို့ ဆုတ်ခဲ့ရတာ။ ဂျက်လေယာဉ်(၄)ခါဝဲတယ်။ ပစ်တော့မသွားဘူး။ တော် လှန်ရေးတပ်တွေ အထိအခိုက်တော့မရှိခဲ့ဘူး။"ဟု People Defence Force Mandalay(MDY- PDF)မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။
အဆိုပါ စစ်ကောင်စီတပ်သည် ထက်ကြီးရွာမှ အရပ်သား(၃)ဦးနှင့် သုံးဆင့်ကန်မှ အရပ်သားတစ်ဦးတို့ကို သတ်ဖြတ်သွားပြီး လက်ရှိတွင် ပဒူရွာ၌ တပ်စွဲထားသည်ဟု သိရသည်။
#TachileikNewsAgency
Photo : People's Defense Force-Mandalay