စစ်ကောင်စီအပေါ် သံတမန်ရေးနှင့် စီးပွားရေးဆိုင်ရာ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုများ တိုးမြှင့်ချမှတ်ပေးရန်အတွက် CRPH နှင့် နယူးဇီလန်လွှတ်တော်အမတ် Hon.Ms. Vanushi Waltersတို့ ၂၀၂၃ ခုနှစ် ဇွန်လ(၁၂)ရက်နေ့ မနေ့က ဆွေးနွေးခဲ့သည်ဟု သိရသည်။
ဆွေးနွေးရာတွင် စစ်ကောင်စီအပေါ် သံတမန်ရေး၊ စီးပွားရေးဆိုင်ရာ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ တိုးမြှင့်ချမှတ်ပေးရေး၊ မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းမှုအပေါ် တိုက်ရိုက်ပံ့ပိုးကူညီမှုများ ပေးအပ်ရေးနှင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် နယ်စပ်ရှိ မြန်မာပြည်သူများအား နိုင်ငံရေးခိုလှုံခွင့်ပေးအပ်ရေး အပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပေးအပ်နိုင်ရေးကို CRPH လွှတ်တော်ကိုယ်စားလှယ်များက တောင်းဆိုဆွေးနွေးခဲ့သည်ဟု ယနေ့ဇွန်လ(၁၃)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
နယူးဇီလန်အမတ်မှ CRPH နှင့် လွှတ်တော်ကိုယ်စားလှယ်များအား အကူအညီပေးအပ်နိုင်ရေးအပါအဝင် အစိုးရအား ဆောင်ရွက်ရန် တိုက်တွန်းချက်များအပေါ် ပြန်လည်ဆွေးနွေးခဲ့ပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားရန်လည်း သဘောတူညီခဲ့ကြသည်ဟု သိရသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)အတွင်းရေးမှူး မိုင်းလမင်းထွန်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်း၊ အတွင်းရေးမှူး ဦးတင်ကိုကိုဦးနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
#TachileikNewsAgency