ကရင်နီပြည်နယ်အတွက် ကျန်းမာရေးဝန်ထမ်း NUG ခေါ်ယူ

ကရင်နီပြည်နယ်အတွက် ကျန်းမာရေးဝန်ထမ်း NUG ခေါ်ယူ

ကရင်နီပြည်နယ်တွင် တာဝန်ထမ်းဆောင်ရန် ကျန်းမာရေးဝန်ထမ်းများကို အမျိုးသားညီညွတ်ရေးအစိုးရက ခေါ်ယူနေသည်ဟု သိရသည်။ 

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)၊ ကျန်းမာရေးဌာန၏ ဆေးရုံ/ဆေးခန်းများတွင် တာဝန်ထမ်းဆောင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၈)ရက်နေ့ရက်စွဲဖြင့် ကျန်းမာရေးဝန်ထမ်းများ ခေါ်ယူနေခြင်းဖြစ်သည်။ 

ရာထူးများအနေဖြင့် အထူးကုဆရာဝန်များ (မည်သည့်အထူးကုဘာသာရပ် အမျိုးအစားမဆို)၊ ဆရာဝန်များဖြစ်သည်။

လျှောက်ထားသူသည် မြန်မာနိုင်ငံဖွား၊ ကျန်းမာရေးကောင်းမွန်သူ၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက CDM ဝန်ထမ်း၊  အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်မှုမရှိသူ၊ နိုင်ငံ့ဝန်ထမ်းမဟုတ်ပါက အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်မှု မရှိသူဟု သတ်မှတ်ထားသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ၊ ကျန်းမာရေးဌာနက တာဝန်ချထားမည့် နေရာဒေသများသို့ သွားရောက်၍ တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်ဟုလည်း ဆိုသည်။  

လျှောက်ထားလိုသူများအနေဖြင့် ဇန်နဝါရီလ(၃၁)ရက်နေ့ နောက်ဆုံးထား၍ နေ့စဉ်ပိတ်ရက်မရှိ၊ နံနက် (၁၀) နာရီမှ ည (၈)နာရီအထိ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူ့စွမ်းအားအရင်းအမြစ်ဌာန၏ Telegram Account - https://t.me/HR_MOHNUG သို့မဟုတ် Telegram Username - @HR_MOHNUG တွင် လျှောက်လွှာပုံစံများထုတ်ယူပေးပို့လျှောက်ထားနိုင်သည်ဟု သိရသည်။

အတည်ပြုရွေးချယ်ခြင်း ခံရသူများသည် တာဝန်ချထားမည့်နေရာများအတွက် လိုအပ်သည့်သင်တန်းများကို သတ်မှတ်အစီအစဉ်များအတိုင်း တက်ရောက်ရမည်ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနနှင့် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)၊ ကျန်းမာရေးဌာန၏အစီအစဉ်ဖြင့် ဒေသအသီးသီးသို့ တာဝန်ချထားမည်ဟု သိရသည်။

တော်လှန်ရေးကာလနှင့် ကြားကာလ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေးသူရဲကောင်းများအတွက် လက်ရှိကာလအတွင်း လူမှုဘဝလုံခြုံမှုနှင့် လုပ်ငန်းခွင်လုံခြုံမှုများကို ကာကွယ်စောင့်ရှောက်မှုများ ပေးအပ်နိုင်ရန် အစီအစဉ်များချမှတ်ထားရှိပြီး တော်လှန်ရေးအလွန်ကာလတွင်လည်း ဘဝအာမခံချက်များနှင့် အထူးအခွင့်အရေးများကို ဖက်ဒရယ်ဒီမိုကရေစီမူဝါဒများနှင့်အညီ ပေးအပ်သွားမည်ဟု ဆိုသည်။

#TachileikNewsAgency

#TNA_MAT

Photo:ရှေ့တန်းတစ်နေရာတွင် ခွဲစိတ်ကုသနေသည့် NUG ကျန်းမာရေး ဝန်ထမ်းများ (ပုံဟောင်း)