ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းကြောင့် ရိုဟင်ဂျာလူမျိုး သေဆုံးသူမှာ (၄၀၀)ကျော်မဟုတ်ကြောင်း စစ်ကောင်စီက ငြင်းဆန် 

ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းကြောင့် ရိုဟင်ဂျာလူမျိုး သေဆုံးသူမှာ (၄၀၀)ကျော်မဟုတ်ကြောင်း စစ်ကောင်စီက ငြင်းဆန် 

 ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းကြောင့် ရိုဟင်ဂျာလူမျိုး (၄၀၀)ကျော် သေဆုံးခြင်း မရှိကြောင်း ဝါဒဖြန့်သတင်းစာမျက်နှာများကနေ အာဏာသိမ်း စစ်ကောင်စီက ငြင်းဆန်လိုက်ပြီး တကယ်တမ်း သေဆုံးသူမှာ (၉၁)ဦးသာ ရှိကြောင်း  သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။

 

၂၀၂၃ခုနှစ် မေလ(၁၄)ရက်နေ့က ဖြစ်ပေါ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းမှ ရိုဟင်ဂျာလူမျိုးသေဆုံးမှုကို မေလ(၁၇)ရက်နေ့အထိ စာရင်းအရ (၂၆)ဦးရှိရာမှ မေလ(၁၈)ရက်နေ့အထိ စာရင်းအရ စုစုပေါင်း (၉၁)ဦးအထိ ရှိလာခဲ့ကြောင်း သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ မေလ(၁၄)ရက်နေ့ကနေ မေလ(၁၈)ရက်နေ့အထိ ရရှိထားသည့် သေဆုံးစာရင်းအရ ရိုဟင်ဂျာလူမျိုး (၉၁)ဦး အပါအဝင် စုစုပေါင်း သေဆုံးသူမှာ (၁၄၅)ဦး ရှိသည်ဟု ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီ၏ မေလ(၁၉)ရက်နေ့ ညပိုင်းအထိ သတင်းထုတ်ပြန်ချက်အရ မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း သေဆုံးသူများထဲတွင် စစ်တိုက်လို့ မသေဘဲ မုန်တိုင်းကြောင့် သေသည့် စစ်ကောင်စီတပ်သား (၄)ဦးလည်း ပါဝင်သည်။

အမျိုးသားညီညွတ်ရေးအစိုး(NUG)၏ မြေပြင်အထိသွားရောက် စာရင်းကောက်ခံမှုများအရ မေလ(၁၇)ရက်နေ့အထိရရှိသည့် စာရင်းမှာ ရခိုင်ပြည်နယ်တစ်ခုတည်းတွင် လူပေါင်း(၄၃၁)ဦး သေဆုံးရာ ရိုဟင်ဂျာလူမျိုး အများစု ပါဝင်ပြီး မကွေးတိုင်းမှ (၁၅)ဦး၊ စစ်ကိုင်းတိုင်းမှ (၄)ဦး၊ ရှမ်းပြည်နယ်မှ(၂)ဦး နှင့်  ရန်ကုန်၊ ဧရာဝတီ နှင့် မန္တလေးတိုင်းတို့တွင် (၁)ဦး စီသေဆုံးရာ မိုခါ မုန်တိုင်းကြောင့် စုစုပေါင်း သေဆုံးသူ (၄၅၅)ဦးအထိ ရှိကြောင်း NUG က မေလ(၁၇)ရက်ကတည်းက သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

"စစ်ကောင်စီရဲ့ လက်အောက်ဌာနတွေက သေဆုံးမှု အမှန်စာရင်းတွေ တက်လာမှာမဟုတ်ဘူး။ သေဆုံးမှုများရင် မင်းတို့ ဒီလိုမကြုံရအောင် အောက်ခြေက  ကောင်းကောင်းမစီမံကြဘူးလားဆိုပြီး အထက်က ထုမှာ ကြောက်တာနဲ့ပဲ စာရင်းအမှန် တင်ပြလေ့မရှိကြတာလည်းရှိတယ်"ဟု အငြိမ်းစားဝန်ထမ်းတစ်ဦးက Tachileik News Agency ကို ပြောသည်။

စစ်ကောင်စီက သေဆုံးမှု အရေအတွက်ကို ၎င်းတို့ ထုတ်ပြန်သည့်အတိုင်းသာ ဖြစ်ရမည်ဖြစ်ပြီး မြေပြင် သေဆုံးမှု အရေအတွက် အမှန်အတိုင်း ဖော်ပြသည့် သတင်းမီဒီယာများကို ပြည်သူအား အထိတ်တလန့်ဖြစ်အောင် ထုတ်လွှင့်မှုဖြင့် တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟုလည်း ခြိမ်းခြောက်ပြီး မေလ(၁၉)ရက်နေ့က သတင်းထုတ်ပြန်ထားရှိသည်။