ကန့်ဘလူမြို့နယ်အတွင်း ဒေသခံများ  အစုအလိုက် အပြုံလိုက်  သေဆုံးခဲ့ရမှုနှင့်ပတ်သက်၍ NUG သတင်းထုတ်ပြန်

ကန့်ဘလူမြို့နယ်အတွင်း ဒေသခံများ  အစုအလိုက် အပြုံလိုက်  သေဆုံးခဲ့ရမှုနှင့်ပတ်သက်၍ NUG သတင်းထုတ်ပြန်

ထိခိုက်ဆုံးရှုံးရသည့် လူထုဘဝများ အချည်းနှီးမဖြစ်စေရေး အစွမ်းကုန် လုပ်ဆောင်သွားမည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု ထုတ်ပြန်ချက်တွင် ယခုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အသက်ဆုံးရှုံးသွားရသူများနှင့် ထိခိုက်ဒဏ်ရာရသူများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အထူးပင် ဝမ်းနည်းကြေကွဲရကြောင်းနှင့် သက်ဆိုင်သူများ၏ မိသားစုများနှင့်တသားတည်း အတူတကွရှိနေပါကြောင်း ဆိုသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု အဆုံးသတ်ပြီး စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်မှ အပြီးတိုင် ဖယ်ရှားနိုင်မှသာ တိုင်းပြည်လူထု တည်ငြိမ်အေးချမ်းမှုရပြီး သာယာဝပြောရေးဆီ ဦးတည် နိုင်မည်ဆိုသည်ကို ယနေ့ဖြစ်ရပ်က ထပ်လောင်း သတိပေးလိုက်ပြီး ထိခိုက် ဆုံးရှုံးရသည့် လူထုဘဝများအချည်းနှီးမဖြစ်စေရေး၊ တပြိုင်တည်းတွင် စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေး ရည်မှန်းချက် အမြန်ဆုံး ပေါက်ရောက်အောင်မြင်စေရေး ပိုမို၍ အစွမ်းကုန် အားထုတ် လုပ်ဆောင်သွားမည့်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက အခိုင်အမာ ကတိပြုထားသည်။

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်သည် အရပ်သားနှင့် လက်နက်ကိုင်ဟူ၍ သတ်မှတ်ခွဲခြားခြင်းမရှိဘဲ အလွန်အကျွံ အင်အားသုံး တိုက်ခိုက်နေပြီး ယနေ့ပစ်ခတ်မှုအပါအဝင် အကြမ်းဖက်လုပ်ရပ်များအားလုံးသည်  စက်ဆုတ်ရွံရှာဖွယ် ကောင်းသော စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်စုပေါ် ကျုးလွန်သော ရာဇဝတ်မှုများ ဖြစ်သည်ဟု ဆိုထားသည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလယ်တိုက်နယ်၊ ပဇီကြီးကျေးရွာကို ယနေ့ ၂၀၂၃ခုနှစ်  ဧပြီလ (၁၁)ရက်နေ့၏ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက် ခဲ့သည့်အတွက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်များ အပါအဝင် အရပ်သားပြည်သူ အများအပြား သေဆုံးခဲ့ရသည်ဟု သိရသည်။

ပုံများကို ကြည့်ရန် 

1. https://t.me/TachileikNewsAgency/37391

2. https://t.me/TachileikNewsAgency/37401